တောင်အာဖရိကလွှတ်တော်တွင်း ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

တောင်အာဖရိကနိုင်ငံရဲ့ လွှတ်တော်ထဲမှာ စီးပွားရေးလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူများ အုပ်စု (အီးအက်ဖ်အက်ဖ်) ကို ထောက်ခံသူတွေနဲ့ ရဲတွေကြား ဖေဖော်ဝါရီ ၉ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ သမ္မတ ဂျက်ကော့ဘ်ဇူးမားက နိုင်ငံတော် အခြေအနေပြ မိန့်ခွန်းကို မပြောမီ ခုလို ဖြစ်ခဲ့တာပါ။ သမ္မတရဲ့ နှစ်စဉ် ပြောနေကျ မိန့်ခွန်းအတွင်း ဥပဒေနဲ့ အမိန့်ကို ထိန်းဖို့ ကြိုးစားတဲ့အနေနဲ့ တောင်အာဖရိက ရဲတပ်ဖွဲ့ကို ကူညီဖို့ စစ်သည် နောက်ထပ် ၄၄၁ ယောက်ကို အဆင်သင့် ထားရှိမယ်လို့ ဇူးမားက ကြေညာချက် ထုတ်ခဲ့တာပါ။ ဒါကို ဆန့်ကျင်ဆန္ဒပြဖို့ လူအုပ်ကြီး စုရုံးလာခဲ့ကြပြီး ၂၀၁၄ ရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ အမာခံ အီးအက်ဖ်အက်ဖ် အုပ်စုဝင်တွေက လွှတ်တော်အတွင်း အမတ်နေရာတွေ ရလာခဲ့တာပါ။ သမ္မတက လွှတ်တော် အဖွင့်မိန့်ခွန်း ပြောနေချိန်မှာ အီးအက်ဖ်အက်ဖ် လွှတ်တော်အမတ် တွေက ကြွေးကြော်ရင်း အဂတိလိုက်စားမှုဆိုင်ရာ ကျော်မကောင်း ကြားမကောင်း ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သမ္မတကို သရော်လှောင်ပြောင်ခဲ့လို့ ပရမ်းပတာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ဇူးမားရဲ့ မိန့်ခွန်းအတွင်း ခန်းမထဲက အီးအက်ဖ်အက်ဖ် အမတ်တွေကို လွှတ်တော် လုံခြုံရေးအစောင့်တွေက ကိုယ်ထိလက်ရောက် ဖယ်ရှားခဲ့ပါတယ်။ ဒီနောက်ခံ အကြောင်းရင်းတွေကြောင့် ဒီနှစ်မှာ အခမ်းအနားအတွက်မဟုတ်ဘဲ လုံခြုံရေးအတွက် စစ်သားတွေကို ပထမဆုံးအကြိမ် ခန့်ထားတာပါ။ အဓိက အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်ပါတီကတော့ ဒီဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီလာခံ ပြောခွင့်ရ ဘာလေကာဘိထ်ကို ရှင်းပြခိုင်းမယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up