မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် အမျိုးသမီးကွင်းလယ်ဒိုင် ပထမဆုံး အသုံးပြု

မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲမှာ ယူ-၂၀ ကမ္ဘာ့ဖလားကိုင်တွယ်ခဲ့တဲ့ အမျိုးသမီးကွင်းလယ်ဒိုင်တဦးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။ ရန်ကုန်နဲ့ ဆောက်သမ်းမြန်မာအသင်းတို့ရဲ့ ယူ-၂၁ လိဂ်ပြိုင်ပွဲမှာ အမျိုးသမီး ဒိုင်လူကြီးတဦးကို ပထမဆုံးအကြိမ် ကိုင်တွယ်စေခဲ့တာပါ။ မြန်မာနေရှင်နယ်လိဂ်ပွဲတွေကို ပရိသတ်တွေရဲ့ အားပေးမှုရဖို့နဲ့ အရည်အချင်းရှိတဲ့ ဒိုင်တဦး ဖြစ်တာကြောင့် အခုလို အသုံးပြုခဲ့တာဖြစ်တယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီ စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။ “အမျိုးသားအသင်းကြီးပွဲမှာ ချက်ချင်းလုပ်ခိုင်းဖို့ ဆိုတာက သူ့အနေနဲ့ Practice ချက်ချင်းရဖို့ မလွယ်နိုင်သေးဘူး။ အဲဒါကြောင့်မို့ လူငယ်ပွဲတွေမှာ ဒီနေ့ စမ်းသပ်တာဝန်ပေးတာပေါ့။ ဒိုင်လူကြီးဌာနနဲ့ တိုင်ပင်ပြီးတော့ တာဝန်ပေးခဲ့တာပေါ့နော်။ သူ့ရဲ့ ပွဲကိုင်တဲ့ပုံကိုလည်း Complain မရှိအောင် လက်ခံလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ စီနီယာပြိုင်ပွဲတွေမှာ လိုအပ်ရင် လိုအပ်သလို တာဝန်ချထားဖို့ စဉ်းစားသွားမယ်။” အမျိုးသားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရတဲ့အတွက် ဂုဏ်ယူမိပြီး လိဂ်-၁ ပြိုင်ပွဲတွေမှာလည်း ကိုင်တွယ်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက ပြောပါတယ်။ “ကျမကတော့ MNL အကြီးပွဲအထိ လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ဆရာတွေဘက်ကလည်း အများကြီး ကိုယ်က လုပ်ချင်တယ်ဆိုတိုင်း အဲဒီလိုမျိုး လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူးလေ။ မိန်းကလေးတယောက်ကို ဘောလုံးပွဲခိုင်းတယ်ဆိုရင် သူတို့မှာ မိန်းကလေးဆိုတဲ့စိတ်က အနည်းနဲ့အများ ရှိနေတဲ့အတွက် Respect ဆိုတာ ရှိတဲ့ကစားသမားက ရှိတယ်။ မရှိတဲ့ ကစားသမားက မရှိဘူး။ အဲဒီ Respect ဆိုတဲ့ စကားလုံးလေးတွေသာ သူတို့ လက်ခံနိုင်မယ်ဆိုရင် အမကို MNL အကြီးပွဲမှာလည်း တာဝန်ထမ်းဆောင်ခွင့်ပေးမယ်။ အမရဲ့ ပါဖောမန့်ကလည်း ပိုပြီးကောင်းလာမယ်။ အမရဲ့ ဆုံးဖြတ်ချက်တွေပေါ့နော်။ ပင်နယ်တီဧရိယာ ဆုံးဖြတ်ချက်တွေ၊ ပြစ်ဒဏ်ဘော ဆုံးဖြတ်ချက်တွေ၊ အဝါကတ် အနီကတ်ပြရမယ့် ဆုံးဖြတ်ချက်တွေမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် မှန်မယ်ဆိုရင် ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း အမကို လက်ခံပြီးတော့မှ MNL အထိ တာဝန်ထမ်းဆောင်ခိုင်းမယ်ပေါ့။” ဒေါ်သိန်းသိန်းအေး စတင်ကိုင်တွယ်ခဲ့တဲ့ အဲဒီပွဲပြီးခါနီးမှာ နှစ်ဘက်ကစားသမားတချို့ တွန်းထိုးမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်ကစားသမားတဦး ၂ ဝါ၊ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ အမျိုးသားပွဲတွေမှာ အမျိုးသမီးဒိုင်လူကြီးတွေ ကိုင်တွယ်တာကို ကြိုဆိုပေမယ့် ပွဲကိုကိုင်တွယ်ရာမှာ ဆုံးဖြတ်ချက် ပြတ်သားဖို့လိုတယ်လို့ ဒိုင်လူကြီးဟောင်းတဦးဖြစ်သူ ဦးတင်စိန်က အကြုံပြုပါတယ်။ “ဒိုင်လူကြီးက အမျိုးသားပဲလုပ်လုပ်၊ အမျိုးသမီးပဲလုပ်လုပ် ဥပဒေ ၁၇ ချက်ပေါ် မူတည်ပြီး လုပ်ကြတာပေါ့။ လုပ်ကြတဲ့အပေါ်မှာ သုံးသပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကျတော့လည်း သူတို့ရဲ့ Common Sense အတွေးအခေါ်ပိုင်းမှာ မူတည်တယ်။ ကောင်းပါတယ်။ ဒိုင်လူကြီးတယောက်က ဥပဒေအရ ဆုံးဖြတ်တဲ့နေရာမှာ ပင်နယ်တီပေးရေး မပေးရေး၊ လူထုတ်ရေး မထုတ်ရေးဆိုတာ အဓိကကျတယ်။ ဒါတွေက ဆုံးဖြတ်ချက်က ပြတ်သားရတာလေ။ သူ အခု နောက်ဆုံး ဆုံးဖြတ်လိုက်တာ ကောင်းတယ်။ တခုပဲရှိတယ်၊ ဘာလဲဆိုတော့ ကြာသွားတယ်။” အဲဒီပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးကိုလည်း အမျိုးသမီးဒိုင်တဦးကို ပထမဆုံးအကြိမ် တာဝန်ပေးခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ အမျိုးသမီး ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ပြီး လိဂ်-၁ ပြိုင်ပွဲတွေအထိ တာဝန်ပေးဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up