ပြည်သူ့မျက်နှာတချက်ညှိုးတာနဲ့ လွှတ်တော်ထဲ ပေကပ်နေမည်မဟုတ်ဟု အန်ဒီအက်ဖ် ပါတီပြော
DVB
·
February 9, 2017
ပြည်သူ့မျက်နှာ တချက်ညှိုးတာနဲ့ လွှတ်တော်တွေထဲမှာ ပေကပ်နေမယ့် လူစားမျိုးတွေ မဟုတ်တဲ့ အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို မဲပေးကြဖို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဲဆွယ်ပြောကြားလိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေကို ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ဟောပြောရာမှာ ထည့်သွင်းပြောသွားတာပါ။
“ဘယ် အစိုးရတွေပဲတက်တက် ပြည်သူ့အတွက် လွှတ်တော်နိုင်ငံရေးမှာရော၊ လူထု နိုင်ငံရေးမှာပါ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံကို ဘယ်သူတွေပဲ အုပ်ချုပ်အုပ်ချုပ် NDF ဟာ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်နဲ့ ပြည်သူ့ဘက်ကရပ်တည်တဲ့ အတိုက်အခံပါတီအဖြစ် ဆောင်ရွက် သွားမယ်ဆိုတာ ဒီနေရာကနေ အတိအလင်းပြောကြားလိုပါတယ်”လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
လယ်သိမ်းယာသိမ်းခံရတဲ့ လယ်သမားတွေ လယ်ပြန်ရအောင်ဆောင်ရွက်ပေးဖို့နဲ့ လယ်ယာမြေပြဿနာကို ပထမဦးဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းပြောကြားလိုက်ပြီး အလုပ်သမားတွေရဲ့ဘဝ ဖူလုံမှုမရှိတာတွေနဲ့ လုပ်ငန်းခွင် နစ်နာမှုတွေမရှိအောင် တာဝန်ရှိအစိုးရနဲ့ လွှတ်တော်တွေက ဆောင်ရွက်ပေးဖို့ လည်းတောင်းဆိုသွားပါတယ်။
လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်နေရာ ၃ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာ စုစုပေါင်း ၅ နေရာမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။