Live
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် အများဆုံးတွေ့ရ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 9, 2017
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၃ ခုမှာ အများဆုံးတွေ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်နှင့် မြောက်)၊ စစ်ကိုင်း၊ တနသာင်္ရီ၊ ပဲခူး (အရှေ့နှင့် အနောက်)၊ မကွေး၊ ဧရာဝတီနဲ့ နေပြည်တော် ဒေသအသီးသီးတို့မှာ တရားမဝင် လျှစ်စစ်ခိုးယူသုံးစွဲသူ ၈၃၀၃၁ ဦး စစ်ဆေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တရားမဝင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံး ကြုံတွေ့နေရတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ “လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့နေရာမှာ တရားမဝင် ခိုးယူသုံးစွဲနေတာတွေ ရှိနေပါတယ်။ စက်မှု လုပ်ငန်းသုံး၊ အများပြည်သူလုပ်ငန်းသုံးတွေအတွက် ဓာတ်အားတွေ ဖြန့်ဖြူးရောင်းချပေးနေတဲ့ နေရာမှာ နိုင်ငံတော်အနေနဲ့ နှစ်စဉ် တယူနစ်ကို ၂၁.၆၇၃ ကျပ်နှုန်းအတိုင်း ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံတော်အနေနဲ့ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာ ကျပ် ၂၈၃ မီလီယံခန့် စိုက်ထုတ်ကျခံနေရပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့အပြားမှာ ဓာတ်အားထုတ်ယူ သုံးစွဲနေမှုကို ပြန်လည်စစ်ဆေးခဲ့တာမှာ အခုလို တရားမဝင်ခိုးယူသုံးစွဲနေတာတွေကို တွေ့ရတယ်”လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းမှ ဦးကျော်ဦး (ဒါရိုက်တာ အဖွဲ့ဝင် ၄ )က ပြောပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးထံက တရားမ၀င် ဓာတ်အား သုံးစွဲမှု နစ်နာကြေးအများဆုံး ကျပ် ၂၅၇ သိန်း (၂၅၇၆၄၈၀၃ ကျပ်) ရရှိခဲ့ပါတယ်။ ဒါအပြင် ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာလည်း စစ်ဆေးခဲ့ရာ ခိုးယူသုံးစွဲသူ ၅၉၇၄၁ ဦး စစ်ဆေးနိုင်ခဲ့ပြီး တရားမဝင် ဓာတ်အားသုံးစွဲမှု ၁၇၄ မှုထဲက နစ်နာကြေး ကျပ် သိန်း ၁၇၀၀ ကျော် (၁၇၉၇၂၈၈၀၂ ကျပ်) ရရှိခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ကတော့ ၃ လ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွင်းမှာ လျှပ်စစ် ဆုံးရှုံးမှု ယူနစ်ပေါင်း (၁၉၇၀၈၄) ယူနစ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ၁၄၂၇၇၃ ဦးကို စစ်ဆေးခဲ့ကာ တရားမဝင် ဓာတ်အား သုံးစွဲမှု ၂၅၄ မှုမှာ နစ်နာကြေး ငွေကျပ် သိန်း ၂၀၀၀ ကျော် (၀၅၄၉၃၆၀၅ ကျပ်) ရရှိခဲ့တယ်လို့ အဲဒီဌာနက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024