Home
မြန်မာသတင်း
ပဒိုမန်းရှာရုပ်တုကျောက်တိုင် ဧရာဝတီတိုင်းတွင် ဂုဏ်ပြုစိုက်ထူမည်
နော်နိုရင်း
·
February 9, 2017
  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သူ့ရဲ့ဇာတိ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တောကျောင်းရွာမှာ ပထမဆုံးကြိမ်ကျင်းပပြီး  ပုံတူရုပ်တု ဂုဏ်ပြု စိုက်ထူဖို့ ရှိပါတယ်။ ပဒိုမန်းရှာကို ပြီးခဲ့တဲ့ ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အမည်မသိ လူသတ်သမားနှစ်ယောက်က သူနေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်မှာ ၀င်ရောက်ပစ်ခတ်လုပ်ကြံခံတဲ့အတွက် သေဆုံးသွားခဲ့ရပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်ဟာ သူကျဆုံးခြင်း ၉ နှစ်ပြည့်ပြီဖြစ်ပြီး သူ့ကို ချစ်တဲ့ ကရင်လူမျိုးတွေနဲ့ သူ့ရွာကရွာသူရွာသားတွေပူးပေါင်းပြီး ပဒိုမန်းရှားရဲ့ရုပ်တုပါ ကျောက်တိုင်ကို ဒီနှစ်တွင်းမှာပဲထုလုပ်စိုက်ထူခဲ့ပြီး သူ့ရဲ့ နှစ်ပတ်လည်နေ့ကို ကျင်းပတာလို့ ပဒိုမန်းရှာရဲ့ တူမ နန့်ခင်သက်ဖြူက ပြောပါတယ်။ “အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကျောက်တိုင်ကလည်း သူ့အထိမ်းအမှတ်အနေနဲ့ ပေါ့နော်။ အရင်တုန်းက မလုပ်ခဲ့ရဘူးပေါ့။ အခုကတော့ သူ့ကိုလေးစားတဲ့လူတွေက သူ့အထိမ်းအမှတ်အနေနဲ့ မေးလာတဲ့အခါကျတော့ ဒီမှာလုပ်ထားသင့်တယ်ဆိုပြီးတော့မှ အဖေကနေပြီး ရွာထဲကလူတွေနဲ့ တိုင်ပင်ပြီး ကျောက်တိုင်နဲ့ ရုပ်တုလေးနဲ့ အဲလိုမျိုး သူ့အထိမ်းအမှတ် သူ့ကို ဂါရ၀ပြုလို့ရအောင်ဆိုပြီးမှ လုပ်လိုက်တာလေ။ နှစ်တိုင်းကတော့ အိမ်မှာပဲ ဆွမ်းကျွေးပုံစံမျိုးလုပ်တယ်။ အောက်မေ့ဖွယ် အမှတ်တရ စကားလေးတွေဘာတွေပြောပြီးတော့လေ။ ဒီနှစ်ကတော့ ကျောက်တိုင်ပြီးတာနဲ့ ဆုံတော့ ဒီမှာပဲ ကျောက်တိုင်၊ ရုပ်တုဖွင့်တာနဲ့ နှစ်ပတ်လည်နဲ့ ရောလုပ်လိုက်တာပေါ့။ ” ပဒိုမန်းရှာရုပ်တုပါကျောက်တိုင်ကို သူ့ရဲ့အကို မန်းတင်ရွှေက ဦးဆောင်ပြီး ရွာမှာရှိတဲ့ အကြီးအကဲ တွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။ ဒီနှစ်ထူးထူးခြားခြား ပြုလုပ်တဲ့ နှစ်ပတ်လည်မှာလည်း ဖဲကြိုးဖြတ် ဖွင့်ပွဲတွေပြုလုပ်ဖို့ရှိ သလို ရုတ်ထုနဲ့ ကျောက်တိုင်မှာလည်း ပန်းခွေချအလေးပြုမှာဖြစ်ပြီး ပဒိုမန်းရှာရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပဒိုမန်းရှာကွယ်လွန်ပြီးနောက်ပိုင်း သူ့ကိုအမှတ်တရအနေနဲ့ သူ့ရဲ့သားသမီးတွေ ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေ နှစ်စဉ်ပေးအပ်တဲ့ ပဒိုမန်းရှာ လူငယ် ခေါင်းဆောင်ဆုကို လည်း အဲဒီအခမ်းအနားမှာ ပေးအပ်သွားဖို့ ရှိတယ်လို့လည်း နန့်ခင်သက်ဖြူက ပြောပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကျုံပျော်မြို့နယ် ပန်းမြိုင်ကုန်းကျေးရွာက စခန့်သူလှိုင်ဝင်းဆိုတဲ့ လူငယ်ကို ပေးအပ်ဖို့လည်း ရွေးချယ်ထားပါတယ်။ စခန့်သူလှိုင်ဝင်းဟာ ကိုးရီးယားနိုင်ငံမှာအလုပ်လုပ်ရင်း ကရင်စာပေမြှင့်တင်ရေးအတွက် လုပ်ဆောင်သူ ဖြစ်တဲ့အတွက်သူ့ကို  ၂၀၁၆ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ပေးအပ်မှာ ဖြစ်တယ်လို့လည်း နန်းခင်သက်ဖြူက ပြောပါတယ်။ “သူက ကိုးရီးယားမှာ စိုက်ပျိုးရေးအလုပ်သွားလုပ်ရင်းနဲ့ အဲဒီက ကိုးရီးယားရောက် ပိုးကရင် လူငယ်တွေနဲ့ သူက တိုင်ပင်ပြီးတော့ ပိုးကရင် စာပေမြှင့်တင်ရေးတွေ၊ ယဉ်ကျေးမှုတွေ အဲဒါတွေ အကုန်လုံးကို သူ့နယ်ဘက်မှာပေါ့နော်။ ၀ါးခယ်မတို့၊ ကျုံပျော်တို့၊ အိမ်မဲတို့၊ ကျောင်းကုန်းတို့၊ အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်ရဲ့ ရွာတွေမှာတို့ ရွာပေါင်းများစွာကို သူက စုပြီးတော့ ပိုးကရင် စာပေဆရာ၊ဆရာမတွေကို ခေါ်ပြီးတော့ ထောက်ပံကြေးတွေ ထောက်ပံ့ပြီး အလှူငွေတွေ၊ ရံပုံငွေတွေ ကောက်ခံပြီးတော့ လုပ်ပေးနိုင်တယ်ပေါ့။ နောက်ပြီးတော့ ကိုးရီးယားမှာ အလုပ်သွားလုပ်ချင်တဲ့ ငွေကြေးအခက်အခဲရှိတဲ့ ကရင်လူငယ်လေးတွေကိုလည်း သူက အတိုးမဲ့ငွေတွေထုတ်ချေးပေးပြီး သူက အကူအညီတွေ ပေးတယ်လေ။ ” ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး  အသက် ၃၅ နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို ရွေးချယ်ချီးမြှင့်တဲ့ဆုဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024