၂၀၁၇-၁၈ ဘဏ္ဍာနှစ် အခွန်အကောက် ကျပ် ၆၀၀၀ ဘီလီယံကျော် ကောက်ခံရရှိရန် လျာထား
နေဖြိုးဝင်း
·
February 9, 2017
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေအရ စုစုပေါင်း ကျပ် ၆၄၈၁ ဒသမ ၀၀၈ ဘီလီယံ ကောက်ခံရရှိဖို့လျာထားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက မနေ့က လွှတ်တော်မှာ တင်သွင်းပါတယ်။
အခွန်အကောက်ရရှိဖို့ လျာထားချက်တွေအနေနဲ့ ပြည်တွင်းထွက်ကုန်နဲ့ ပြည်သူပြည်သားတွေ သုံးစွဲမှုအပေါ်ကနေ ကောက်ခံမယ့် အခွန်အကောက် ကျပ် ၂၇၁၂၆၆၆ ဒသမ ၈၈၄ သန်း၊ ၀င်ငွေခွန်နဲ့ ပိုင်ဆိုင်မှုအပေါ်ကောက်ခံမယ့်အခွန်အကောက်မှာ ၀င်ငွေခွန်ကနေ ကျပ် ၂၃၈၂၀၀၀ သန်း၊ အကောက်ခွန် ကျပ် ၄၉၀၀၀၀ သန်း၊ နိုင်ငံပိုင်သယံဇာတတွေ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံမယ့် အခွန်အကောက် ကျပ် ၈၉၆၃၄၂ ဒသမ ၀၀၆ သန်း၊ စုစုပေါင်း ကျပ် ၆၄၈၁၀၀၈ ဒသမ ၈၉၀ သန်း ဖြစ်ပါတယ်။
အဆိုပါ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ဒီနေ့ ကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက တင်သွင်းတာပါ။