Home
မြန်မာသတင်း
ကုလသမဂ္ဂစွပ်စွဲချက်များ အထောက်အထားခိုင်မာရင် အရေးယူသွားမည်ဟု မြန်မာတုံ့ပြန်
DVB
·
February 9, 2017
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHRရဲ့အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ကော်မရှင်က စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်ခဲ့တဲ့ အထောက်အထား အခိုင်အမာရှိရင် အရေးယူသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး  မဟာမင်းကြီးရုံး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ပြီးခဲ့တဲ့လက  ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စေလွှတ်ပြီး အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေအပြီး  မြန်မာပြည်က ထွက်ပြေးလာတယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို တွေ့ဆုံမေးမြန်း အစီရင်ခံစာ ထုတ်ပြန်ထားတဲ့အပေါ် မြန်မာဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ လွန်စွာစိုးရိမ်ဖွယ်ရာ သဘောသဘာဝရှိတယ်လို့ မြန်မာနိုင်ငံအစိုးရက ထင်မြင်ယူဆပြီး ယင်းအစီရင်ခံစာနဲ့စပ်လျဉ်းပြီး များစွာစိုးရိမ်မကင်း ဖြစ်မိတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ ဖေဖော်ဝါရီ ၈ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အစိုးရသစ်တာဝန်ယူချိန်ကစပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကို အထူး အလေးထားဆောင်ရွက်နေကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့  တရားမဝင်လုပ်ရပ်တွေ ကျူးလွန်ဖောက်ဖျက်သူတွေကို အရေးယူဆောင်ရွက်သွားမယ်၊ မြန်မာအစိုးရက နိုင်ငံတစ်ဝန်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်တွေကို အခိုင်အမာ ထိန်းသိမ်းသွားမယ်လို့လည်း  နိုင်ငံခြားရေးဌာနကဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်နေ့က  ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာ၊ ကလေးငယ်တွေကို ရိုက်နှက်တာစတဲ့ လူ့ခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲဖော်ပြထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး လူပေါင်း ၂၀၀ ကျော်လောက်ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ အများစုက သတ်ဖြတ်မှုတွေကို မျက်မြင်တွေ့ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပြီး တ၀က်လောက်က မိသားစုဝင်တွေ အသတ်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၁၀၀ လောက်ကို တွေ့ဆုံမေးမြန်းရခဲ့ရာမှာလည်း တ၀က်ကျော်လောက်ဟာ အဓမ္မပြုကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေရှိခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့ အကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒီအစီရင်ခံစာပါအချက်အလက်တွေနဲ့ စွပ်စွဲချက်တွေထဲက အလေးထား စုံစမ်းစစ်ဆေးသွားရမယ့်  အချက်တွေ ပါရှိနိုင်တဲ့အတွက် ညှိနှိုင်းဆွေးနွေးသွားဖို့လိုတယ်လို့ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကော်မရှင် အစည်းအဝေးမှာပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024