မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်ကြီးတခု မီးလောင်၊ လူ ၁၅၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ် (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်ကြီးတခု မီးလောင်ကျွမ်းခဲ့လို့ လူ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ မနီလာမြို့တော်အာဏာပိုင်တွေက ပြောပါတယ်။ မနီလာ သင်္ဘောဆိပ်ကမ်းတွေနားက ကျူးကျော်ဆင်းရဲသားရပ်ကွက်ကြီးဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက် ညက စတင် လောင်ကျွမ်းခဲ့တာပါ။ အိမ်တွေပိတ်ကြပ်နေလို့ မီးငြှိမ်းသတ်ရေး အခက်အခဲဖြစ်ခဲ့ပြီး ၁၀ နာရီကြာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။ အိုးအိမ်တွေ မီးလောင်ကျွမ်းသွားတဲ့ လူ ၁၅၀၀၀ လောက်ကိုတော့ အရေးပေါ် ကယ်ဆယ်နေရာချထားရေးမှာ ယာယီထောက်ပံ့ ကူညီထားပါတယ်။ သူတို့ အရေးပေါ်ပြောင်းရွှေ့ထားတဲ့ တီဗွီတွေ၊ အ၀တ်လျှော်စက်တွေနဲ့ အဝတ်သေတ္တာတွေကို ဆိပ်ကမ်းနဲ့ ဆက်သွယ်တဲ့ လမ်းမကြီးပေါ် ချထားကြတာကြောင့် ကွန်တိန်နာတင်ယာဉ်တွေ သွားလာလို့မရဘဲ ပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း မနီလာမြို့တော်တောင်ပိုင်းမှာ စက်ရုံကြီးတခု မီးလောင်ကျွမ်းခဲ့လို့ အလုပ်သမားတဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပါသေးတယ်။ မနီလာမြို့တော်ဟာ လူဦးရေအထူထပ်ဆုံး ကမ္ဘာ့မြို့ကြီးတမြို့ဖြစ်ပြီး အခုလို ဆင်းရဲသားရပ်ကွက် မီးလောင်ကျွမ်းမှုတွေ၊ စက်ရုံနဲ့ အလုပ်ရုံ မီးလောင်ကျွမ်းမှုတွေဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး မြို့တော်မြောက်ပိုင်းက ဖိနပ်စက်ရုံတရုံ မီးလောင်ကျွမ်းခဲ့ပြီး အလုပ်သမား ၇၄ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up