မုံရွာတက္ကသိုလ် မူးယစ်ဆေးဝါးဆိုင်ရာ ကာတွန်းပြပွဲ၊ ပြိုင်ပွဲကျင်းပ
DVB
·
February 9, 2017
မုံရွာတက္ကသိုလ် စာပေနှင့် အနုပညာအသင်းက ကြီမှူးပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကာတွန်းပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အယောက် ၃၀ ရဲ့ ကာတွန်း ၃၀၊ မုံရွာမြို့ခံ ကာတွန်းဆရာကြီးတွေ၊ အခြားနာမည်ကြီးကာတွန်းဆရာတွေရဲ့ ကာတွန်း ၂၀ နဲ့ နိုင်ငံတကာ ကာတွန်း၊ ပိုစတာ ၁၀ ခုတို့ကိုလည်း ပြသခဲ့ပါတယ်။
မုံရွာတက္ကသိုလ် စာပေနှင့်အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီက "ယနေ့ခေတ်မှာ မူးယစ်ဆေးဝါးအန္တရာယ်က နေရာအနှံ့မှာ ပျံ့နှံ့နေတယ်။ အထူးသဖြင့် လူငယ်တွေ၊ မိဘနဲ့ဝေးကွာပြီး ကျောင်းလာတက်နေတဲ့ အနယ်နယ်အရပ်ရပ်က တက္ကသိုလ်ကျောင်းသားရဲ့ လက်တကမ်းမှာ မူးယစ်ဆေးဝါးက ပျံ့နှံ့နေတယ်။ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို များများသိ၊ များများရှောင်ကြဉ်နိုင်အောင် စာပေအနုပညာအသင်းအနေနဲ့ ဆောင်ရွက်တာဖြစ်တယ်" လို့ ပြောပါတယ်။
ဒီကာတွန်းပြပွဲ၊ ပြိုင်ပွဲက မုံရွာတက္ကသိုလ် စာပေနှင့်အနုပညာအသင်းက ပထမဆုံးအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။
သတင်း - အောင်ကိုလတ်