Home
မြန်မာသတင်း
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ သုံးစွဲရန်တင်ပြ
နေဖြိုးဝင်း
·
February 9, 2017
စစ်ဘေးရှောင်ဒုက္ခသည်တွေ နေထိုင်စားသောက်ဖို့အတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ သုံးစွဲပေးဖို့ ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုင်းရင်းသား လွှတ်တော်အမတ်တဦးက တင်ပြတောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း ၁၈ ခုအတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ် ၃၆၅၆ ဒသမ ၈၂၀ သန်း ခွဲဝေသုံးစွဲရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ဆွေးနွေးရာမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က အခုလို ထည့်သွင်းပြောတာပါ။ “ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၃ လကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်ကျေးရွာ ၂၆ ရွာ၊ အိမ်ထောင်စု ၁၄၀၀၊ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အခုချိန်မှာ နယ်မြေတွေ တည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေထိုင်စားသောက်ဖို့အတွက် ကျေးရွာအိမ်ရာတွေ ပြန်လည်ထူထောင်ပေးဖို့ လိုအပ်လျက် ရှိနေပါတယ်” လို့ ဦးကျော်နီနိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာလည်း ဒုက္ခသည်တွေကို ကူညီပေးဖို့နဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးဖို့ နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေရရှိရေးအတွက် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ တပ်မတော်၊ ကိုးကန့်ဒေသဦးစီးအဖွဲ့တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနဲ့ အလှူရှင် ကိုးကန့်တိုင်းရင်းသားတွေ စုပေါင်းပြီး ကျပ်သိန်း ၅၀ တန်ဖိုးရှိ အိမ်ရာ ၄၄၈ အိမ် ဆောက်လုပ်ပေးခဲ့ပြီး အိမ်ခြေ ၂၅၇ အိမ် နေထိုင်လျက်ရှိတယ်လို့ ပြောပါတယ်။ “ကျန်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အိမ်ရာအလုံး ၇၀၀ ဆောက်လုပ်ပေးဖို့ အစိုးရက အထူးအစီအစဉ်အနေနဲ့ သီးသန့်ရန်ပုံငွေကနေ ဆောင်ရွက်ပေးသင့်ပါကြောင်း ဒေသခံ တိုင်းရင်းသားပြည်သူတွေကိုယ်စား မေတ္တာရပ်ခံအကြံပြုတင်ပြလိုပါတယ်” လို့ ဦးကျော်နီနိုင်က ပြောပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံ ရှိတဲ့အတွက် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်ထိ သုံးစွဲပြီးပမာဏမှာ ကျပ် ၅၅ ဒသမ ၉၇၀ ဘီလီယံဖြစ်တဲ့အတွက် ကျပ် ၄၄ ဒသမ ၃၀ ကျန်ရှိသေးတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးကပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024