Live
Home
မြန်မာသတင်း
ရခိုင်ဖွံ့ဖြိုးရေး ငွေကျပ်သန်း ၃၆၀၀ ကျော် စနစ်တကျသုံးရန် လွှတ်တော်တွင် ဆွေးနွေး
ရွှေအောင်
·
February 8, 2017
ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးမယ့် ငွေကျပ်သန်းပေါင်း ၃၆၀၀ ကျော်ကို စနစ်တကျသုံးပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း  စံညွှန်းစံညွှန်းမီအောင် စိစစ်ကြမ်မတ် လုပ်ဆောင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ အစိုးရက ရခိုင်ပြည်နယ် ၁၆ မြို့နယ်အတွင်း လမ်းတံတားနဲ့တည်ဆောက်ရေးလုပ်ငန်းများမှာ သုံးစွဲဖို့ ပြည်ထောင်စုသီးသန့်ရန်ပုံငွေကနေ ကျပ်သန်းပေါင်း ၃၆၅၆ ဒသမ ၈၂၀ ခွဲဝေသုံးစွဲလိုကြောင်း ပြည်ထောင်စု လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၀ ဦးထက်မနည်း ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးသွားကြတာပါ။ မြို့ပြအင်ဂျင်နီယာကိုယ်စားလှယ်တဦးဖြစ်တဲ့ ဂန့်ဂေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လုပ်ငန်းများအတွက်အင်ဂျင်နီယာတွေ ငွေကြေးတွက်ချက်ရာမှာ ကွာခြားချက်တွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။ “၀န်ကြီးဌာနတွေအားလုံးက အင်ဂျင်နီယာတွေ ခန့်မှန်းခြေကို တွက်ရာမှာ အသုံးပြုကြတဲ့ ဒေသပေါက်ဈေး ကိစ္စကို ပြောကြားလိုပါတယ်။ အခု ဒီမှာ မူလ တွက်ချက်မှုတန်ဖိုးနဲ့ နယ်စပ်ရေးရာနှုန်းထားတန်ဖိုး ထက်ဝက်လောက် ကွာခြားတာကို တွေ့ရှိရပါတယ်၊နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာအမျိုးမျိုးကွဲပြားတဲ့ဈေးနှုန်းတွေရှိကြရာမှာ ဒေသပေါက်ဈေးတွက်တဲ့အခါ အမြင့်ဆုံးဈေး အဝေးဆုံးခရီးနဲ့ တွက်ချက်သတ်မှတ်ပေးထာတာ ဖြစ်ပါတယ်၊ဒါပေမယ့်လို့ ဒေသအသီးသီးက အင်ဂျင်နီယာများက ခန့်မှန်းခြေတွက်ချက်ကြရာမှာ အနီးဆုံးနေရာက အနိမ့်ဆုံးဈေးနဲ့ ရပေမယ့်လည်း ပုံမှန်ပုံသေ အမြင့်ဆုံးနှုန်းနဲ့သာ တွက်ချက်ကြတဲ့ ထုံးစံကို တွေ့ရပါတယ်။” မကွေးတိုင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဒီနှစ် ငွေကျပ် ၁၁ ဘီလီယံခန့် ပိုတဲ့ကိစ္စဟာ ခန့်မှန်းချေ ကုန်ကျမှုကို အမြင့်ဆုံးဈေးနဲ့ တွက်ထားလို့ ဖြစ်တယ်လို့လည်း သူက ထောက်ပြဆွေးနွေးသွားပါတယ်။ တခါ ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း အခု လုပ်မယ့် စီမံကိန်းလုပ်ငန်း ကုန်ကျငွေတွေဟာ အင်မတန်နည်းနေလို့ အရည်အသွေးပိုင်း ကြပ်မတ် လုပ်ဆောင်ပေးဖို့ ဆွေးနွေးပါတယ်။ ပိုက်ဆံတွေက မူလခန့်မှန်းထားတဲ့ တန်ဖိုးတွေထက်တ၀က်လောက် နည်းနေတဲ့အတွက်ကြောင့် မြေပြင်မှာ တကယ်လုပ်ကိုင်ကြတဲ့အခါ အလေအလွင့်နည်းနိုင်သမျှနည်းအောင် လုပ်ကိုင်ဖို့ ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းအရည်အသွေးတွေ မခိုမကပ်ဖို့ အထူးကြီးကြပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်း ၃၆၀၀ ကျော်မှာ ကျောက်ဖြူမြို့နယ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ဖို့ ရန်ပုံငွေ ၉၈ ဒသမ ၉၅၀သန်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ခု ရှိတဲ့အနက် ရသေ့တောင်မြို့နယ်တခုကလွဲပြီး ကျန်မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ပေးမှာဖြစ်လို့ ရသေ့တောင်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သူ့မြို့ကိုပါ လုပ်ပေးဖို့ လွှတ်တော်ထဲ ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်အတွက် ငွေကျပ်သန်းပေါင်း ၃၆၀၀ ကျော် သုံးမယ့်ကိစ္စကို လာမယ့် တနင်္လာနေ့ ဖေဖော်ဝါရီ ၁၃ ရက် လွှတ်တော်မှာ အစိုးရဘက်က ပြန်လည်ရှင်းလင်းဆွေးနွေးတဲ့အခါ ရသေ့တောင် ဘာ့ကြောင်း မပါသလဲ ဆိုတာကို သိနိုင်မယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရခိုင်ဖွံ့ဖြိုးရေးရံပုံငွေကိစ္စ အစိုးရဘက်က ရှင်းလင်းတင်ပြပြီး ရင်တော့ လွှတ်တော်ထဲ မဲခွဲအတည်ပြုမှာဖြစ်ပြီး အတည်ဖြစ်ဖို့များတယ်လို့ ကိုယ်စားလှယ်အများစုက သုံးသပ်ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024