Homeမြန်မာသတင်း
စစ်တွေနှင့် ဘူးသီးတောင်ထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု မတွေ့ရဟု ကော်မရှင်ပြော
စစ်တွေနှင့် ဘူးသီးတောင်ထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု မတွေ့ရဟု ကော်မရှင်ပြော
DVB
·
February 8, 2017
ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင်အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မတွေ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်တွေအကျဉ်းထောင်နဲ့တရားရုံး၊ အချုပ်ခန်းတွေကိုသွားရောက် လေ့လာခဲ့ပြီး၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ဘူးသီးတောင်အကျဉ်းထောင်နဲ့ တရားရုံး၊ အချုပ်ခန်းတွေကို လူ့အခွင့်အရေးကော်မရှင်အဖွဲ့က သွားရောက်ခဲ့တာပါ။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “ထောင်တွေမှာတော့ လူခွင့်အရေးချိုးဖောက်မှုတွေ မတွေ့ပါဘူးခင်ဗျ။ ထောင်ထဲမှာတော့ ကုလသမဂ္ဂ က သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အနိမ့်ဆုံးစံနှုန်းသတ်မှတ်ချက်တွေ ရှိတယ်လေ။ ကျွေးတာ မွေးတာ၊ သိုးတာ၊ ဘာသားရေထုံးတမ်းစဉ်လာ ဗုဒ္ဓဘာသာဆိုရင်လည်း ဘုရားရှိးခိုးဖို့ ပရိတ်ရွတ်ဖို့၊ ခရစ်ယာန် ဆိုရင် ဘုရားရှိဖို့၊ နေရာတွေ ဘာတွေ လုပ်ထားပါတယ်။ အစ္စလာမ်ဆိုရင်တောင် တနေ့ကို ၅ ကြိမ်တောင် ဘုရားရှိးဖို့ စီစဉ်ပေးထားပါတယ်။ စားတာသောက်တာလည်း အကန့်အသတ် မဟုတ်ဘဲ အဝစားပေါ့ဗျာ။ ကြိုက်သလောက်စား၊ ပဲဟင်းတွေ ဘာတွေညာတွေလဲ လေ့လာတွေ့ရှိ သလောက်ကတော့ တော်တော်ကောင်းပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးချိုးဖောက်တွေ ရှိမရှိ မေးတဲ့အခါမှာလည်း ထောင်သားတွေက တစ်စုံတရာတင်ပြရန်မရှိကြောင်းနဲ့ ထောင်အတွင်းမှာ ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ အဆင်ပြေအောင် စီစဉ်ထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင်ကမှ စစ်တွေထောင်က ပြန်လွှတ်လာတဲ့ ၈၈ အကျဉ်းသားဟောင်း အမျိုးသားရေးကိုနိုင်နိုင်က စစ်တွေထောင်အတွင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတုန်းပဲလို့ ဒီဗွီဘီကိုပြောပါတယ်။
“ထောင်ပေါက်ဝင်ကို ဝင်လိုက်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ လူတွေကို လုံးဝ ဘုန်းကြီးကျောင်းလို့ ပေါ့နော်။ ဖိနပ်ချွတ်ပြီးတော့ ဝင်ရတယ်။ အဲ့ဒါက လူတွေ စိတ်ပိုင်းဆိုင်ရာအရ ချိုးနှိမ့်လိုက်တာဖြစ်တယ်။ ပြီးတော့မိုးရွာလည်း မိုးရေထဲမှာကို ကြိုးတန်းလန်းနဲ့ ရပ်နေရတယ်။ အဲ့ဒီလိုမျိုး ကျနော်တို့ လက်တွေ့ခံစားဖူးတယ်။ နောက်ထပ်အစား အသောက်ပတ်သက်လို့ တကယ့်အခက်အခဲ ရှိပါတယ်။ အစားအသောက်ဟာ အဲ့ဒီလူကြီးတွေလာမယ်နေ့ လောက်ပဲကောင်းတာပေါ့နော်။ လူကြီး မလာတဲ့နေ့တွေကျရင် ဖြစ်သလိုပဲ။”
ထောင်တွင်း ဆေးပေးခန်းတွေမှာလည်း ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးဆိုးဝါးတာ၊ ကျန်းမာရေးမကောင်းသူတွေကို ပေးတဲ့ အစားအစားတွေ၊ ဆေးဝါးတွေအစ ဆိုးဝါးမှုတွေရှိတယ်လို့ ကိုနိုင်နိုင်ပြောပါတယ်။
အကျဉ်းထောင်တွေကို အစိုးရက စနစ်တကျစစ်ဆေးပေးဖို့ လိုအပ်တယ်လို့ ကိုနိုင်နိုင်ကပြောပါတယ်။
“ထောင်ဝင်စာတပတ်မှာ တခါပဲ တွေ့ခွင့်ရတယ်။ ပြီးတော့ ထောင်ဝင်စာတွေ့တဲ့အခါမှာလည်း ထောင်ဂိတ်ပေါက်မှာ ပိုက်ဆံပေးမှာဝင်ရတယ်။ အဲ့လိုမျိုးပိုက်ဆံပေးပြီးဝင်ရတယ်။ အမှန်ကတော့ ပိုက်ဆံပေးစရာ မလိုဘူး။ ထောင်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ စနစ်တကျစုံစမ်းဖို့ လိုတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း လူလွှတ်ပြီးတော့ စနစ်တကျ စုံစမ်းပြီး အဖြေထုတ်မှာကျနော်တို့ လက်ခံတယ်။”
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ စစ်တွေမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ရောက်ရှိခဲ့ပြီး ၆ ရက်နေ့မှာ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေ တရားရုံးတွေ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။
သတင်း - ဝဏ္ဏခွာညို