Home
မြန်မာသတင်း
လက်ပံတန်းဈေး ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ
DVB
·
February 8, 2017
လက်ပံတန်းမြို့ မြို့မဈေးအပြင်ဘက်ရှိ ဖုန်းရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ် ၁၆ သိန်းလောက်တန်ဖိုးရှိတဲ့ တယ်လီဖုန်းဟန်းဆက်တွေနဲ့ Laptop ကွန်ပျူတာခိုးယူခံခဲ့ရပါတယ်။ ဆိုင်ရှင်ဖြစ်သူ ဦးစိုးနိုင်က ဖေဖော်ဝါရီ ၂ ရက်မနက်က ဆိုင်ဖွင့်ဖို့ သွားရောက်ခဲ့ရာမှာ ဆိုင်တံခါးသော့ခတ်ထားတဲ့ သံကွင်းကို ဖြတ်တောက်ထားတာ တွေ့ရှိရတာကြောင့် ဈေးတာဝန်ရှိသူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကြောင်းကြားခဲ့ပါတယ်။ ဖောက်ထွင်းခိုးယူခံရတဲ့ ပစ္စည်းတွေကို စစ်ဆေးရာ ဟန်းဆက်အမျိုးအစားမျိုးစုံအလုံး ၂၀ ၊ Acer အမျိုးအစား Laptop တစ်လုံးနဲ့ အခြားပစ္စည်းတွေ ပျောက်ဆုံးနေပြီး စုစုပေါင်းတန်ဖိုးငွေ ၁၆ သိန်းကျော်ဖိုး ဖောက်ထွင်းခိုးယူခံခဲ့ရာတာကြောင့် လက်ပံတန်းမြို့ မြို့မရဲခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။ "ကျနော်တို့ဈေးအပြင်တန်းမှာ ရွှေဆိုင်တဆိုင် အဖောက်ခံရတယ်။ နောက် ဖုန်းဆိုင်တဆိုင် အဖောက်ခံရတယ်။ ကျနော်တို့နဲ့ဆို သုံး လေးခါလောက်ရှိနေပြီ။ ဈေးလုံခြုံရေးပိုင်း အားနည်းလို့ အခုလိုဖြစ်တာပါ'' လို့ ဆိုင်ရှင် ဦးစိုးနိုင်က ပြောပါတယ်။ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘတ်ဂျက်အနေအထားအရ ဝန်ထမ်းအင်အား လိုအပ်ချက် ရှိနေပြီး ဈေးလုံခြုံရေးပိုင်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောပါတယ်။ ဆိုင်ရှင်ဖြစ်သူ တရားလို ဒေါ်အေးအေးသန်းရဲ့ တိုင်ကြားမှုကို လက်ပံတန်းမြို့ မြို့မရဲစခန်းက အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် ဒုရဲအုပ်ခင်မောင်မြင့် စစ်ဆေးဆောင်ရွက်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024