Home
မြန်မာသတင်း
မေယု FM ရေဒီယို ဘာသာ၃မျိုးဖြင့် ထုတ်လွှင့်မှုကိစ္စ ပြန်ကြားရေးရှင်းလင်း
DVB
·
February 8, 2017
မေယု FM အစီအစဉ်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ နေထိုင်ကြသူတွေအတွက် သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ဖြန့်ချိပေးနိုင်ဖို့ ထုတ်လွှင့်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး မမှန်သတင်းတွေလည်း အများအပြား ထွက်ပေါ်လျက်ရှိရာ ဒေသတွင်း နေထိုင်သူတွေ သတင်းအချက်အလက်မှန် ရရှိဖို့နဲ့ ဒေသအတွက် နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေကိုလည်း အများသိရှိအောင် ထုတ်ပြန်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ မေယု FM ဟာ နယ်မြေအကန့်အသတ် တခုအတွင်း လတ်တလော လိုအပ်ချက်တွေအတွက် ဆောင်ရွက်တဲ့ အစီအစဉ်တရပ်ဖြစ်ပြီး ဒေသတွင်း နေထိုင်သူအားလုံး ကြားသိဖို့ ရည်ရွယ်ပြီး ရခိုင်၊ ဗမာ၊ ဘင်္ဂါလီ ဘာသာတို့နဲ့ ထုတ်လွှင့်ခြင်းဖြစ်တယ်၊ ဘယ်ပြင်ပပုဂ္ဂိုလ် အစုအဖွဲ့ကိုမျှ အသံလွှင့်ခွင့်ပေးတာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မေယု FM ဘင်္ဂါလီဘာသာစကားနဲ့ ထုတ်လွှင့်နေမှု အစီအစဉ်အပေါ်မှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၃ မြို့နယ် ဆန္ဒထုတ်ဖော်သွားဖို့ ပြင်ဆင်နေကြသလို ပြည်နယ်လွှတ်တော်မှာလည်း အရေးကြီးအဆိုတရပ်အနေနဲ့ တင်သွားဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကတော့ အင်မတန် အန္တရာယ်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ "ဒီနေ့လွှင့်နေတဲ့ ဘင်္ဂါလီဘာသာစကားနဲ့ ကိစ္စမှာ အစိုးရရဲ့ အမြင်ကတော့ ပြည်ပမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ အမြင်တွေကို ရှင်းလင်းသွားအောင်နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ရရှိစေဖို့အတွက် သူတို့က ထုတ်လွှင့်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တဘက်ကကြည့်ရင် ကျနော်တို့ ရခိုင်အမျိုးသားတွေကတော့ စိုးရိမ်မှုတခုက ဘယ်လိုလဲဆိုတော့ ဒီဘင်္ဂါလီတွေက ရခိုင်နယ်ပယ်နဲ့ ရခိုင်လူမျိုးတွေထက်စာရင် သတင်း၊ ဝက်ဆိုက်တွေ ထူထောင်ထားနိုင်တာ တွေ့ရတယ်။ နောက်တခုက ရေဒီယိုဆိုတာ လိုအပ်သလို သုံးစွဲလို့ရတယ်။ စစ်ရေးမှာလည်း သုံးလို့ရတယ်။ နောက် လျှို့ဝှက်ကိစ္စတွေမှာလည်း အမျိုးမျိုး ပြောလို့ရတယ်။ အစိုးရကတော့ ဒီလို သာမန်အမြင်နဲ့ လုပ်တယ်ဆိုပေမယ့် ကျနော်တို့ ရခိုင်လူမျိုးတွေအနေနဲ့ အင်မတန်သတိကြီးစွာနဲ့ထားရတယ်။ ဘယ်လိုမှ အမှားမခံနိုင်တဲ့ကိစ္စပါ။ တကယ်လို့ ဖြစ်လာလို့ရှိရင် ပထမဆုံးခံရမှာက ဘူးသီးတောင်၊ မောင်တောက အင်မတန်လူဦးရေနည်းနေတဲ့ ရခိုင်လူမျိုးတွေ အသက်အိုးအိမ်အတွက် ကျနော်တို့ အင်မတန်စိုးရိမ်ပါတယ်။ တခုခုကို အချိန်းအချက်လုပ်ပြီးတော့ သူတို့ဘာသာစကားနဲ့ မသိမမြင်နိုင်တဲ့ အချိန်းအချက်တခုနဲ့ ပြဿနာတခုကို ဖန်တီးလိုက်ရင် ကျနော်တို့ ရခိုင်တွေကသာလျှင် ဒီဒဏ်ခံရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ အင်မတန် အန္တရာယ်များတယ်လို့ မြင်ပါတယ်။” မေယု FM ရေဒီယို အစီအစဉ်ကို ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်နေတာဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေ အတွင်းမှာသာ ဖမ်းယူရရှိနိုင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024