ဦးသန့်ပုံတူ ကိုယ်တပိုင်းရုပ်တု ထုလုပ်
အာကာ
·
February 7, 2017
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ပုံတူရုပ်တုကို ဇန်န၀ါရီလဆန်းပိုင်းစပြီး ၃ လလောက် အချိန်ယူပြီး ဦးကျော်ကျော်မင်းက ပန်းပုထုလုပ်နေပါတယ်။
လက်ရှိမှာ ရွှံ့နဲ့ ပုံကြမ်းထုလုပ်တဲ့အဆင့် ပြီးစီးတော့မှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်မှာ အင်္ဂတေနဲ့ ပုံလောင်းတာတွေကို အဆင့်ဆင့် လုပ်တော့မှာဖြစ်ပါတယ်။
ပန်းပု ဦးကျော်ကျော်မင်းက "ဒီရုပ်တုကို နတ်ရေကန်ဦးတင်မောင်ထွေးက ကျောက်တန်းမြို့မှာ သူ တည်ထောင်ထားတဲ့ ဦးနု၊ ဦးသန့်စာကြည့်တိုက်မှာ ထားရှိဖို့ အပ်တာပါ။ ဝါအရ ဆရာဖြစ်တဲ့ ဦးနုကို အရင်ထုလုပ်ရမှာ ဖြစ်ပေမယ့် ဦးသန့်ရုပ်တုက မျက်မှန်ပါပြီး ထုလုပ်ရပိုခက်တဲ့အတွက် ဦးသန့် ရုပ်တုကို အရင်ထုလုပ်တာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။
အမြင့် ၁၀ ပေရှိတဲ့ ဒီရုပ်တုဟာ ကိုယ်တပိုင်းရုပ်တုတွေထဲမှာ အကြီးဆုံး ဖြစ်လာမှာဖြစ်ပြီး တရုပ်ကို ကျပ်သိန်း ၁၀၀ လောက် ကျသင့်ပါတယ်။
“ဦးသန့်ရုပ်တုပြီးရင် ဦးနုရုပ်တုကို ဒီအတိုင်းပဲ ဆက်လက်ထုလုပ်မှာပါ။ ဦးနု၊ ဦးသန့် စာကြည့်တိုက်မှာ ထားရှိဖို့အတွက် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တု၁၀၀ အပ်ထားပါတယ်။ ၁ ပေ ၁ ခွဲ လောက်ရှိတဲ့ အသေးတွေပါ။ ၁၀ ပေ ရုပ်တုကတော့ ဦးနု၊ ဦးသန့် ၂ ရုပ်ပါ” လို့ ဦးကျော်ကျော်မင်းက ပြောပါတယ်။