ပါကစ္စတန်တွင် အာဖဂန် သံအရာရှိတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ အာဖဂန်သံအရာရှိတဦး ဖေဖော်ဝါရီ ၆ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ပါကစ္စတန်အရာရှိတွေက သတင်းထုတ်ပြန်ပါတယ်။ သူဟာ ကရာချိမြို့ အာဖဂန်ကောင်စစ်ဝန်ရုံးက တတိယအတွင်းဝန်ဖြစ်ပြီး သူ့ရဲ့ သက်တော်စောင့် စစ်သားကိုယ်တိုင်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အစောင့်စစ်သားဟာ အာဖဂန်နိုင်ငံသားတဦးဖြစ်တယ်လို့လည်း ပါကစ္စတန်ရဲတပ်ဖွဲ့က ဆိုပါတယ်။ ပါကစ္စတန် လက်ထောက်စုံစမ်းရေးအရာရှိ ဗိုလ်ချုပ် အာဇတ် ခန်းကတော့ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုကြောင့် အခုလို သတ်ဖြတ်ခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ် အိုမာ ဇာခီဝယ်လ်ကလည်း အခုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံရုံးဝက်ဆိုက်မှာ တရားဝင် သတင်းထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up