ငြိမ်းချမ်းရေးပန်းခင်း အနုပညာပွဲတော် မုံရွာတွင်ကျင်းပ
DVB
·
February 7, 2017
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်တန့်စေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးပန်းခင်း အနုပညာပွဲတော်ကို ဖေဖော်ဝါရီ ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြစန္ဒာခန်းမမှာ ပြုလုပ်ပါတယ်။
အဲဒီပွဲကို မုံရွာ၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေက စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ၈၈ ငြိမ်း/ပွင့်က ကိုမင်းကိုနိုင်ရဲ့ ‘သစ်ခွပန်းခူးကဗျာ အော်ပရာ’၊ ရှမ်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသားတွေရဲ့ ရှမ်းရိုးရာ အိုးစည်အက၊ ချင်းတိုင်းရင်းသား တက္ကသိုလ် ကျောင်းသားတွေရဲ့ ဝါးညှပ်အက၊ ကချင်တိုင်းရင်းသား တက္ကသိုလ်ကျောင်းသားတွေရဲ့ ကချင်ရိုးရာအက၊ တကသ ကျောင်းသားတွေရဲ့ သံချပ်တွေအပြင် နာမည်ကြီး တေးသံရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါတယ်။
ဝင်ကြေးအနေနဲ့ ကျပ် ၅၀၀၀ နဲ့ ၁၀၀၀၀ ကျပ်တန်းတွေ ခွဲခြားထားပြီး လက်မှတ်တွေ လှည့်လည်ရောင်းချကာ လှုံ့ဆော်မှုတွေလည်း ပြုလုပ်နေကြပါတယ်။
ဒီပွဲက ရရှိလာတဲ့ငွေတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးသွားမယ်လို့ ပွဲစီစဉ်သူ ကိုအောင်နေမျိုးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - အောင်ကိုလတ်