မဲဆွယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံအသုံးပြုမှု သတိထားရန် ဦးဝင်းထိန်ပြော
DVB
·
February 6, 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံအသုံးပြုတာနဲ့ ပတ်သက်ပြီး သတိနဲ့လုပ်ဆောင်ကြဖို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် နေပြည်တော် စည်ပင်ရိပ်သာမှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေ တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပြီး ခုလိုပြောကြားလိုက်တာပါ။
လာမယ့် ရွေးကောက်ပွဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ဆောင်ပုဒ်တွေကိုဘဲ ပြန်လည်အသုံးပြု သွားမယ်လို့ လည်း ဦးဝင်းထိန်က ပြောပါတယ်။
"၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတဲ့အခါ ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို၊ ဆောင်ပုဒ်တွေ မထုတ်တော့ဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေ မထုတ်တော့ဘူး။ ၂၀၁၅ သုံးတဲ့ဟာပဲ သုံးမယ်။ နောက်ပြီးတော့ သူတို့မေးတဲ့ဟာကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ လက်ကမ်းစာစောင်တွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသင့်လား၊ မပါသင့်လား သူတို့ မေးတဲ့အခါကျတော့.... ကျနော်တို့ ၂၀၁၅ မှာ ကြံ့ခိုင်ရေးကလည်း ဦးသိန်းစိန်ပုံ သုံးတယ်။ အဲဒါတော့ ရှိတယ်။ သို့သော်လည်း သတိဝီရိယနဲ့တော့လုပ်ကြလို့ ပြောလိုက်တယ်။ ပါတီအလံနဲ့ ပါတီဆောင်ပုဒ်ကတော့ သုံးလို့ရတာပေါ့။ ကိုယ့်ဖာ့ကိုယ် ဆုံးဖြတ်ကြ။"
ဒါ့ပြင် ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုမှာ သေနတ်သမားကို အသက်စွန့် ဖမ်းဆီးခဲ့တဲ့ ကိုနေ၀င်းမိသားစုကို ထောက်ပံ့ကူညီပေးဖို့ စီစဉ်နေတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
"ကိုနေ၀င်းမိသားစုက ထောက်ပံ့မှု အတော်ရနေပြီ။ ဒါပေမယ့် ကိုနေ၀င်းက အိမ်ထောင်နှစ်ဆက်ရှိ တာ။ အရင်မိန်းမနဲ့ရတဲ့ကလေးက အသက် ၁၅ နှစ်ရှိပြီ။ ဆယ်တန်းတောင်တက်နေပြီ။ ထောက်ပံ့တဲ့အခါမှာ အဲဒီကလေးကိုလည်း ထောက်ပံ့သွားမယ်။ ဦးကိုနီမိသားစုကတော့ စီးပွားရေး အဆင်ပြေကြတယ်။ သားသမီးတွေကလည်း ပြည့်စုံကြတယ်။ ပညာရေးလည်း ပြည့်စုံကြတယ်။ ထောက်တော့ ထောက်ပံ့မှာပါ။"
လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်တွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
သတင်း အောင်ဆန်းဦး