မုံရွာမြို့ သီလရှင်ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံမီးလောင်
DVB
·
February 6, 2017
မုံရွာမြို့ချမ်းမြဝတီရပ်ကွက်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က သီလရှင်ကျောင်းတိုက်ဝင်းအတွင်း မီးလောင်မှုကြောင့် ၃ ထပ်အုပ်တိုက် ကျောင်းဆောင်တဆောင် ပျက်စီးခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သီလရှင်ကျောင်းတိုက်မှာ ချမ်းမြသာစည်ရပ်ကွက် သာစည်လမ်းနဲ့ နေဇာ လမ်းကြားရှိ ယင်းမာမြိုင်သီလရှင်ကျောင်းတိုက်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်းတိုက်ဝင်း အတွင်းမှ ၃ ထပ်ဆောင် အဆောက်အအုံတလုံး ပျက်စီးသွားပါတယ်။
လောင်ကျွမ်းခဲ့မှု ဖြစ်ပွားရခြင်းမှာ ကျောင်းတိုက် ရိက္ခာသိုလှောင်ထားတဲ့ မြေတိုက်ခန်းအတွင်းရှိ ၄ ပေ မီးချောင်းမှ ရှော့ခ်ဖြစ်ကာ စတင်မီးကူးစက်ခဲ့တာဖြစ်တယ်လို့ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဇော်မှ ပြောကြားပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ၃ ထပ်အဆောက်အအုံအတွင်းမှာ စုစုပေါင်း သီလရှင် ၁၅ ပါး နေထိုင်တာပါ။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးသတ်ရေယာဉ် ၁၃ စင်း၊ ရေသယ်ယာဉ် ၃ စင်း၊ မီးသတ်တပ်ဖွဲ့အင်အား ၁၅၀ ခန့်နဲ့ မြို့ဒေသခံများမှ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပြီး လောင်ကျွမ်းမှုကြောင့် တန်ဖိုးကျပ်၂၅၂၀၀၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မုံရွာမြို့နယ်မြေရဲစခန်းမှ တိုက်အုပ်ဆရာကြီး ဒေါ်သုစာရီအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရပါတယ်။
သတင်း - ရန်နိုင်စိုး