ဦးမင်းဌေးကို တတိယအကြိမ် တရားရုံးထုတ်၊ စစ်ဆေးမှုမလုပ်ဘဲ ရုံးပြန်ချိန်း
DVB
·
February 6, 2017
ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဒီကနေ့ မိုးမောက်မြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ပါတယ်။
ဦးမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ က ဗိုလ်ကြီးသက်ဆွေလင်းကတရားစွဲထားတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်မှာ စစ်ဆေးမှုတွေမလုပ်ဘဲ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရုံးပြန်ချိန်းဆိုခဲ့တယ်လို့ ဦးမင်းဌေးရဲ့ဇနီး မနန်းယဉ်က ပြောပါတယ်။
“သူ့အနေနဲ့ကတော့ ကိုယ်ရေးကိုယ်တာကိစ္စထက်ကို နိုင်ငံရေးကိစ္စဖြစ်တယ်။ ဒါက အန်စီအေအပေါ်မှာ အားလုံတာဝန်ခံမှုနဲ့ရှိကြဖို့ သူ့အနေနဲ့ကတော့ အဲဒါပဲ သူမျော်လင့်တယ်ပေါ့နော်။ ဒါက သူ့တဦး တယောက်ထဲရဲ့ကိစ္စ မဟုတ်ဘူးပေါ့။ ”
ဦးမင်းဌေးဟာ အေဘီအက်စ်ဒီအက်ဖ်ဗဟိုကော်မီတီဝင်တဦးဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော် – လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဦးမင်းဌေးဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာပါဝင် တက်ရောက်ဆွေးနွေးနေသူလည်းဖြစ်ပါတယ်။