အိန္ဒိယတွင် ထူးထူးဆန်းဆန်းဖျားနာပြီး ကလေးငယ်များသေဆုံးမှု လိုင်ချီးသီးကြောင့်ဟု အစီရင်ခံစာထုတ်

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံအရှေ့ခြမ်း ဘီဟာပြည်နယ်မှာ နှစ်စဉ် ထူးထူးဆန်းဆန်း ဖျားနာပြီး ကလေး ၁၀၀ ကျော် သေဆုံးခဲ့တာဟာ လိုင်ချီးသီးကြောင့် ဖြစ်တယ်လို့ အမေရိကန်နဲ့ အိန္ဒိယ သုတေသန ပညာရှင်တွေက ဖေဖော်ဝါရီလ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။ ဗိုက်ထဲမှာ အစာလုံးဝမရှိခင် လိုင်ချီးသီးကို ပထမဦးဆုံး စားလိုက်မယ်ဆိုရင် ကလေးငယ်ရဲ့ ဦးနှောက်၊ အာရုံကြောနဲ့ ကျောရိုးမကြီးတလျှောက် နာဗ့်ကြောတွေကို ထိခိုက်ပြီး သေဆုံးတဲ့အထိ ဖြစ်စေတာကို သုတေသနပညာရှင်တွေက ရှာတွေ့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဟာပြည်နယ် မူဇဖ်ဖာပူးခရိုင် ခွဲစိတ်ဆရာဝန် လာလီသာဆင်းက "လိုင်ချီးသီးထဲမှာ Toxin အဆိပ်ဓာတ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီဓာတ်ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ တကယ်လို့ ဗိုက်ထဲမှာ တခြားအစာ လုံးဝမရှိဘဲ လိုင်ချီးသီးကို စားလိုက်မယ်ဆိုရင် ဦးနှောက်ကို ထိခိုက်စေတဲ့အထိ သကြားဓာတ်ကို လျော့ကျသွားစေပါတယ်" လို့ ရှင်းပြသွားပါတယ်။ ဒါပေမယ့် လိုင်ချီးသီးထုတ်လုပ်ရေးဆိုင်ရာ အမျိုးသားသုတေသနဌာန ညွှန်ကြားရေးမှူး ဗီရှယ်လ်နာ့သ်ကတော့ ဒီတွေ့ရှိချက်ကို လက်မခံပါဘူး။ ဒီသတင်းဟာ ဒေသခံ လိုင်ချီးသီးစိုက်ပျိုးရေးသမားတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေလိမ့်မယ်လို့ သူက ဆိုပါတယ်။ "လိုင်ချီးသီးကြောင့်ဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာကို လက်မခံပါဘူး။ လိုင်ချီးသီးမှာ တန်ဖိုးရှိတဲ့ အာဟာရတွေ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်ကတည်းကစပြီး လူတွေက ဒါကို စားသုံးလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ ဒီလိုပြဿနာ ဖြစ်တာမျိုး တခါမှ မကြားခဲ့ဖူးပါဘူး။ လိုင်ချီးသီးထုတ်လုပ်ရေးက အရမ်းကို ကောင်းပါတယ်" လို့ ဗီရှယ်လ်နာ့သ်က ကာကွယ်ပြောဆိုသွားပါတယ်။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မူဇဖ်ဖာပူးခရိုင်မှာ ၁၉၉၅ ခုနှစ်ကစပြီး နှစ်စဉ် မေလကနေ ဇွန်လအထိ လိုင်ချီသီးပေါ်ချိန်ရောက်တိုင်း ကလေးအတော်များများ ဖျားနာပြီး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်တွေကို ကိုးကားပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up