Homeမြန်မာသတင်း
ပေါင်းတည်မြတ်စွယ်တော်ကို နှစ်စဉ်လှည့်လည်အပူဇော်ခံပေးသည့် အောင်ဝိဇ္ဇာဆင်ကြီး သေဆုံး
ပေါင်းတည်မြတ်စွယ်တော်ကို နှစ်စဉ်လှည့်လည်အပူဇော်ခံပေးသည့် အောင်ဝိဇ္ဇာဆင်ကြီး သေဆုံး
မင်းညို
·
February 6, 2017
ပေါင်းတည်စွယ်တော်ပွဲအတွက် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့ ဆင်ကြီး ရုတ်တရက် သေဆုံးသွားပါတယ်။
ပေါင်းတည်မြတ်စွယ်တော်ကို တင်ပြီး နှစ်စဉ်လှည့်လည်အပူဇော်ခံပေးခဲ့တဲ့ အောင်ဝိဇ္ဇာဆင် ဟာ ဒီနေ့ မနက် ၅ နာရီလောက်မှာ ၀မ်းပျက်ပြီး ပေါင်းတည်မြို့ ဘောလုံးကွင်းမှာ သေဆုံးခဲ့တာပါ။
သေဆုံးချိန်မှာအသက် ၇၀ ကျော်ရှိပြီး မသေခင် ပထမရက်က ရွှေတောင်မြို့နယ်ထဲက ကျေးရွာတရွာက ရှင်လောင်းလှည့်ပွဲကို သွားရောက်လှည့်လည်ပေးခဲ့ပြီး ညကျမှ ပေါင်းတည်မြို့ကို ပြန်လည်ရောက်ရှိလာကာ ခရီးပန်းတာရယ်၊ အသက်အရွယ်ကြီးတာရယ်၊ ၀မ်းသွားနေတာတွေ ရယ်ကြောင့် အခုလို ရုတ်တရက် သေဆုံးသွားတာလို့ ပေါင်းတည်မြို့မှာ နေထိုင်တဲ့ ဆင်ပိုင်ရှင် ကိုစည်သူက ပြောပါတယ်။
သကျမုနိမိုးကောင်းဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်အောင်က “အဲဒီဆင်ကြီးကို မနှစ်ကတည်းက အသက်ကြီးလာလို့ အနားပေးထားတာ သူ့အစား မနှစ်တုန်းကတော့ သစ်တောက ဆင် ၃ ကောင်နဲ့ စွယ်တော်ကို အစားထိုးလှည့်ရတယ်။ ဒီဆင်ကြီးက သာသနာပြုဆင်ကြီးဖြစ်တယ်။ မြတ်စွယ်တော်ကို တင်ဆောင်ပြီး လှည့်လည်ပေးခဲ့တဲ့ ဆင်သူတော်ကောင်းကြီးဖြစ်တယ်” လို့ ပြောပါတယ်။
ဆင်သေကို သူနေခဲ့တဲ့ နတ္တလင်းမြို့နယ် တောင်ညိုရွာကို သယ်ဆောင်မြှုပ်နှံဖို့ ရည်ရွယ်ထားပေမယ့် ကရိမ်းကားငှားမရလို့ ပေါင်းတည်မှာပဲ မြှုပ်နှံသွားမှာပါလို့ ဆင်ပိုင်ရှင်က ပြောပါတယ်။