အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီထောင်ခွင့်ပြုလိုက်ပြီ
ရွှေအောင်
·
December 13, 2011
မြန်မာ့ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) ကို ပါတီထူထောင်ခွင့် ပြုလိုက်ပါတယ်။
ဦးတင်ဦးပါ ၂၁ ဦးရဲ့ ပါတီထူထောင်ခွင့် လျှောက်ထားမှုဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်းတွေ့ရှိရလို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ပါတီထူထောင်ခွင့် ပြုလိုက်တယ်လို့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပါတီထူထောင်ခွင့်ကျပြီဖြစ်လို့ နေပြည်တော်ကိုသွားပြီး ပါတီမှတ်ပုံတင်ဖို့ လုပ်မယ့်အကြောင်း၊ ပါတီမှတ်ပုံတင်ရာမှာ လိုအပ်တဲ့ ပါတီဖွဲ့စည်းပုံ၊ မူဝါဒသဘောထား၊ အလံတံဆိပ်၊ ၂၁ ဦးထဲက ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင် ရွေးချယ်ရေး တို့ကို ချက်ချင်း ဆောင်ရွက်နေတယ်လို့ ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ပါတီခေါင်းဆောင်၊ ဒုခေါင်းဆောင် ရွေးချယ်ဖို့အတွက် ပါတီထူထောင်ရာမှာ ပါဝင်တဲ့ ၂၁ ဦးကို အစည်းအဝေးခေါ် ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်တပတ်လောက်မှ ပါတီမှတ်ပုံတင်ဖို့ နေပြည်တော်ကို သွားနိုင်မယ်လို့လည်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထူထောင်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော် ကော်မရှင်ရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
၂၁ ဦးစာရင်း
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေဝင်းမြင့်
၇။ ဦးဒါလဆိုင်း(ကချင်)
၈။ ဒေါ်ခင်သန်းလှိုင်(စစ်ကိုင်း)
၉။ ဒေါ်အုန်းကြည်(မန္တလေး)
၁၀။ ဒေါက်တာဒေါ်သန်းငွေ(ရှမ်း)
၁၁။ ဒေါ်ခင်မိုးမိုး(ကယား)
၁၂။ ဦးကျော်ခိုင်(ရခိုင်)
၁၃။ ဦးဇိုပွဲ(ချင်း)
၁၄။ ဒေါ်ခင်စောဌေး(မကွေး)
၁၅။ ဒေါ်လှလှမိုး(ပဲခူး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့်(ကရင်)
၁၇။ ဒေါ်ခင်ဌေးကြွယ်(မွန်)
၁၈။ ဦးခင်ဇော်လင်း(ဧရာဝတီ)
၁၉။ ဒေါ်ခင်အေးမူ(တနင်္သာရီ)
၂၀။ ဦးစိုးဝင်း(ရန်ကုန်)
၂၁။ ကိုမျိုးညွန့်(လူငယ်)