မိသားစုတစ်စုတည်းမှ အာဖဂန်ရဲ ၈ ဦးကို တာလီဘန်လျှို့ဝှက်တပ်သားက ပစ်သတ်

အာဖဂန်နိုင်ငံမြောက်ပိုင်းမှာ မိသားစု တစ်စုတည်းမှ ရဲ ၈ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ အာဖဂန်နိုင်ငံ ဖာရပ်ဘ်ခရိုင်က စစ်ဆေးရေးဂိတ်မှာ ရဲ ၈ ဦးလုံးကို မူးယစ်ဆေးဝါးတွေ တိုက်ထားပြီး သတ်ပစ်ခဲ့တာလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ရဲ ၈ ဦးကို သတ်ဖြတ်သူက တာလီဘန်တွေနဲ့ လျှို့ဝှက် အလုပ်လုပ်ကိုင်နေတဲ့ သေဆုံးသူရဲတွေရဲ့ လုပ်ဖက်ကိုင်ဖက်တဦးဖြစ်တယ်လို့ အချို့သတင်းတွေက ထုတ်ပြန်သလို သတင်းတခုကတော့ သတ်ဖြတ်သူဟာ လက်နက်ချထားတဲ့ တာလီဘန်စစ်သား တဦးဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ရဲတွေဟာ မိသားစု တစ်စုတည်းမှ ဖခင်၊ သား ၂ ဦး၊ သမက် ၂ ဦးနဲ့၊ တူ ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အုပ်စုကမှ ဒီတိုက်ခိုက်သတ်ဖြတ်မှုကို သူတို့ ကျူးလွန်တယ်လို့ မပြောပေမယ့် သံသယရှိသူဟာ “တာလီဘန်တွေဘက်ကို ပြန်ပြေးသွားပြီ” လို့ ဖာရပ်ဘ်ခရိုင် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းအေဂျင်စီကို ပြောတယ်လို့ သိရပါတယ်။ သတ်ခံရတဲ့ ရဲတွေမှာ လေးဦးက သာမာန်ရဲတွေ ဖြစ်ပြီး နောက်လေးဦးက ဒုတိယတန်း အရာရှိတွေလို့ အဘူလ်ကရင်မ်ယိုရက်ရှ်က အေအက်ဖ်ပီကို ပြောပါတယ်။ “သူတို့ကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်က မူးယစ်ဆေးတွေ တိုက်ပြီး ဖာရက်ပ်ခရိုင် အယ်လ်မာဒေသရဲ့ ရဲစစ်ဆေးရေးဂိတ်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ အဘူလ်ကရင်မ်ယိုရက်ရှ်က ဖြည့်ပြောထားတာပါ။

More News
Up