Home
မြန်မာသတင်း
၁၁ နှစ်အရွယ် ကလေးမကို ခိုးယူပေါင်းသင်းသူကို မုဒိမ်းမှုဖြင့် ဖမ်းဆီး
DVB
·
February 4, 2017
မန္တလေတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် မိန်ကလေးကို ဇနီးမယားအဖြစ် ခိုးယူပေါင်းသင်းသူကို မုဒိမ်းမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဝမ်းတွင်းမြို့နယ် ဆူးပန်းကျေးရွာအုပ်စု အုတ်နှဲရေကျေးရွာနေ မငြိမ်းငြိမ်း ၁၆ နှစ်နဲ့ မခင်ထက်ဝေ ၁၁ နှစ်တို့ ညီအစ်မနှစ်ဦးဟာ ဇန်န၀ါရီ ၃၀ ရက်နေ့ ညနေပိုင်းက ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နေရာမှာ နွားလှည်းနဲ့ ရေခပ်သွားရာမှ ရဲဝင်း (၃၄) နှစ်က မခင်ထက်ဝေအား ဝါဂွမ်းချိန်လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပြန်ရောက်မလာတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်သန်းညွန့်က ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ ရဲအုပ်မောင်မောင်လွင်က ပြောပါတယ်။ မိခင်ဖြစ်သူရဲ့ တိုင်ကြားချက်အရ တာဝန်ရှိသူတွေက လိုက်လံရှာဖွေတွေ့ရှိပြီး သားမယားအဖြစ် ခိုးယူပေါင်းသင်းကြောင်း စစ်ဆေးပေါ်ပေါက်လို့ မုဒိမ်းမှုနဲ့ ရဲဝင်းကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ “ရဲဝင်းက အိမ်ထောင်ကျဖူးတယ်၊ ကွဲသွားတာကြာပြီ။ ကလေးမလေးတွေအိမ်နဲ့ ရင်းနီးတယ်၊ အုတ်နှဲရေရွာက ထွက်တဲ့ ဝါဂွမ်းဝယ်တဲ့ ပွဲစားပေါ့။ ခင်ထက်ဝေကို သားမယားအဖြစ် ခိုးယူပေါင်းသင်းတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ၊ ကလေးမလေးက အသက် ၁၁ နှစ်ဆိုတော့ မုဒိန်းမှုနဲ့ အမှုဖွင့်လိုက်တာပါ” လို့ ရဲအုပ်မောင်မောင်လွင်က ပြောပါတယ်။ ဆူးပန်းရွာနေသူ ကိုဆန်းဝင်းက “စီးပွားရေး အဆင်မပြေတော့ ကလေးမလေးတွေက ကျောင်းနေရမယ့်အရွယ်မှာ ကျောင်းမနေရဘဲ သဘာဝပေါက်နေတဲ့ ဆေးကုလားမခေါ်တဲ့ လျှော်ဖြူပင်တွေရဲ့အစေးခွာရတယ်၊ လက်လုပ်လက်စား အလုပ်လုပ်ရတယ်။ သူတို့အိမ်ကို ဝင်ထွက်နေတာကနေ သားမယားအဖြစ် ခိုးယူပေါင်းသင်းခံရတဲ့အဖြစ်ပေါ့” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက အလိုမတူသွေးဆောင် ဖြားယောင်းခိုးယူမှု ပြစ်မှု ပုဒ်မ ၃၆၆ နဲ့ မုဒိန်းမှု ပြစ်မှု ပုဒ်မ ၃၇၆ တို့နဲ့ ရဲဝင်းအား ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024