ဂျာမနီက လစဉ် ဒုက္ခသည် ၅၀၀ ကို လက်ခံသွားမည်ဟု ၀န်ကြီးချုပ် ပြော

ဂျာမနီနိုင်ငံဟာ တူရကီကနေတဆင့် လစဉ် ဒုက္ခသည် ၅၀၀ ကို လက်ခံသွားမယ့်အကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာခဲလ်က ဖေဖော်ဝါရီ ၂ ရက်က ပြောကြားလိုက်ပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ဟာ မနေ့က တူရကီနိုင်ငံ အန်ကာတာမြို့ကို သွားရောက်လည်ပတ်ပြီး တူရကီသမ္မတ တာယစ်အာဒိုဂန်၊ ၀န်ကြီးချုပ် ဘီနာလီယီလ်ဒီရင် တို့နဲ့ နှစ်ဖက်အကျိုးတူကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ၂ ဖက်ခေါင်းဆောင်တွေ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုက္ခ သည်ခေါ်ယူရေးကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ အိမ်နီးချင်း ဆီးရီးယားနိုင်ငံကနေ လှိမ့်ဝင်လာတဲ့ ဒုက္ခသည်တွေအပေါ် တူရကီအစိုးရရဲ့ စနစ်တကျကိုင်တွယ်မှုကို အန်ဂလာမာခဲလ်က ချီးကျူးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အီးယူနဲ့တူရကီအကြား လက်မှတ်ရေးထိုးခဲ့တဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို ဆက်ထိန်းထားဖို့ ပြောဆိုခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ဒုက္ခသည်တွေကိုလက်ခံထားတဲ့  တူရကီအစိုးရကို အီးယူက ယူရိုငွေ ၆ ဘီလီယံ ထောက်ပံ့ပေးဖို့ ကတိပေးခဲ့ ပါတယ်။ အပြန်အလှန်အားဖြင့် တူရကီကနေတစ်ဆင့် ဥရောပနိုင်ငံတွေဆီ လူမှောင်ခိုတင်သွင်းနေမှုကို တူရကီအစိုးရက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပေးဖို့ သဘောတူခဲ့ပါတယ်။ တူရကီကမ်းခြေစောင့်တပ်ရဲ့ မှတ်တမ်းတွေအရ ၂၀၁၇-ခုနှစ် ဇန်န၀ါရီလမှာ တူရကီကနေ ဥရောပနိုင်ငံတွေဆီ ခိုးဝင်တဲ့ဒုက္ခသည်ဦးရေ ၇၅၆-ဦးသာရှိခဲ့ပြီး ဒါဟာ ပြီးခဲတဲ့နှစ် ဇန်န၀ါရီလကထက် ၈၆ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။ အီးယူ-ဥရောပသမဂ္ဂဟာ တူရကီနိုင်ငံက ဒုက္ခသည်ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ ယူရိုငွေ ၂.၂ ဘီလျံထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up