Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၃ ဦးကို ဆယ်ဘီးကားတိုက်ပြီး ထွက်ပြေး၊ ၃ ဦးလုံးသေဆုံး
နန်းမြနဒီ
·
February 3, 2017
   ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင် နခွန်းပထုံမြို့မှာ ဒီကနေ့မနက်စောစောက မြန်မာ အလုပ်သမား ၃ ဦး ဆယ်ဘီးကားတစ်စီး အတိုက်ခံရလို့ ၃  ဦးလုံး ပွဲချင်းပြီးသေဆုံးသွားပါတယ်။ နခွန်းပထုန်မြို့ S.A Value Co.ltd ငါးသေတ္တာစည်သွတ်ဘူးစက်ရုံက မြန်မာအလုပ်သမားတွေဟာ ဒီကနေ့မနက် ၆ နာရီလောက်က  စက်ဘီးနင်းပြီး  အလုပ်ဆင်းဖို့ လာနေတုန်း ဆယ်ဘီးကားတစ်စီး အနောက်ကနေ တိုက်ပြီး မောင်းပြေးသွားခဲ့တယ်လို့  AAC မဟာမိတ် အလုပ်သမားကူညီရေးအဖွဲ့မှ ကိုရဲမင်း က ဒီဗွီဘီကို ပြောပါတယ်။ “ကားတိုက်မှုဖြစ်တဲ့အကြောင်း အလုပ်သမားတွေက ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားတော့ ကျနော်တို့လည်း လိုအပ်တဲ့အကူအညီပေးဖို့  ချက်ချင်းလိုက်သွားတယ်။ ဟိုရောက်တော့ အကျိုး အကြောင်း မေးကြည့်တာ သူတို့မနက်ခင်း ၆ နာရီ အလုပ်သွားတယ်ပေါ့နော် စက်ဘီးနဲ့ လမ်းဘေး အတိုင်းဘဲကပ်နင်းတယ်။ သူတို့ လမ်းမှန်မှန်ဘဲသွားတယ်။ ဒါပေမယ့် ဆယ်ဘီးကားက လမ်းဘေးဆွဲ ချလာပြီးတိုက်ချသွားတယ်။ ဆယ်ဘီးကားက  ညဘက်မောင်းတယ်ဆိုတော့  အိပ်ငိုက်တဲ့ သဘောမှာ ရှိတယ်။ ကားသမားက ထွက်ပြေးသွားတယ်ခင်ဗျ။ စက်ဘီးစီးလာတာ အားလုံးသုံးဦးပါ။ သုံးဦးစလုံး အဲဒီမှာဘဲ သေဆုံးသွားပါတယ်ခင်ဗျ။” သေဆုံးသူတွေမှာ အောင်ပြည့်ဝင်း (၂၄ နှစ်)၊ တင်ကျော်မိုး အသက်(၂၈)နှစ်နဲ့ သူ့ရဲ့ နှမဖြစ်သူ မငြိမ်းငြိမ်းစိုး (၂၄) နှစ်တို့ဖြစ်ကြပြီး မြန်မာပြည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ကနေလာပြီး အလုပ်လုပ်ကြတာလို့ ဆိုပါတယ်။ လောလောဆယ် သူတို့အလောင်းတွေကို နခွန်းပထုန်မြို့ ၀ပ်ဆမ်မစ်ဘုန်းကြီးကျောင်းမှာထားရှိပြီး သဂြိုလ်မယ့် ရက်ကို မသိရသေးကြောင်း၊ သေဆုံးသူတွေအတွက် နစ်နာကြေးတွေရရှိရေး ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့  ကိုရဲမင်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024