သုံးစွဲရန်မသင့်သည့် တရုတ်နှင့်ထိုင်းအလှကုန်ပစ္စည်း ၂ မျိုး ကြေညာ
DVB
·
February 3, 2017
တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းနှစ်မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေတာမို့ သုံးစွဲဖို့ မသင့်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အလှကုန်ပစ္စည်း ၂ မျိုးကတော့ တရုတ်နိုင်ငံထုတ် QL(Quan Li)နဲ့ ထိုင်းနိုင်ငံထုတ် GARNIBO အမည်ရတဲ့ အလှကုန်ပစ္စည်းတွေဖြစ်ကြပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာ ဒီအလှကုန်ပစ္စည်း ၂ မျိုးဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားတာမျိုးမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း(မာကျူရီ) ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
အဆိပ်သင့်ဓာတုပစ္စည်းမာကျူရီ(ပြဒါး)ဟာ အရေပြားယားယံတာတွေ၊ ရောင်ရမ်းတာတွေ၊ အဖြူအနီကွက်တွေဖြစ်တာတွေ၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူတဲ့အတွက် ထုံကျင်တာတွေ၊ ကြွက်သား တုန်ခါတာတွေ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာတွေနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်။
အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ကုမ္ပဏီတွေနဲ့ လက်လီလက်ကားဆိုင်တွေ အနေနဲ့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိဘဲ အများ ပြည်သူသုံးစွဲဖို့ မသင့်ဘူးလို့ ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချတာတွေကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။