Home
ဆောင်းပါး
ဖိနှိပ်တဲ့ဥပဒေ ၆၆(ဃ) အလိုမရှိ
DVB
·
February 3, 2017
  Eleven Media Group က ဒေါက်တာသန်းထွဋ်အောင်နဲ့ Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ကျနော်တို့ ကြားနေတာက ဒီပုဒ်မဟာ အာမခံပေးလို့မရတဲ့ ပုဒ်မလို့ ကြားနေရတယ်။ ဒါပေမယ့် တနေ့ကတော့ သတင်းစာထဲမှာ ၆၆(ဃ) ဟာ အာမခံမပေးရလို့ သတ်မှတ်ထားခြင်း မရှိကြောင်း ရှေ့နေဦးကျော်လင်း ဆိုသူက ပြောသွားတာကိုလည်း သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။ အာမခံပေးလို့ ရတယ်ဆိုရင် ရှေ့မှာ ၆၆(ဃ) နဲ့ အဖမ်းခံသွားရတဲ့ ဦးမျိုးရန်နောင်သိမ်းတို့၊ ဒေါက်တာသန်းထွဋ်အောင်တို့၊ ဦးဝေဖြိုးတို့ဟာ အာမခံ လျှောက်ကြလိမ့်မယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာနယ်ဇင်းလောကမှာတော့ ၆၆(ဃ)ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတယ်။ အာမခံလည်း မပေးဘူးဆိုတာကြောင့် လူထုကို ဖိနှိပ်တဲ့ဥပဒေ၊ နောင်ကြဉ်သွားအောင်လုပ်တဲ့ ဥပဒေအဖြစ် သတ်မှတ်နေကြတာ ဖြစ်ပါတယ်။ တချို့ကတော့လည်း ၆၆(ဃ) ကို ဆက်လက်ရှိနေသင့်တယ်။ လွတ်လပ်တယ်ဆိုပြီး ထင်တိုင်းရေး၊ ထင်တိုင်းဝေဖန်နေမှာဖြစ်လို့ အထိန်းအကျောင်းတော့ ရှိသင့်တယ်လို့ သုံးသပ်သူကလည်း သုံးသပ်ပါတယ်။ ပုဂ္ဂိုလ်တဦးချင်းကို အသရေပျက်အောင် ရေးလာ၊ ပြောလာရင် ပုဒ်မ ၅ဝဝ ရှိတာပဲ။  ယခု ၆၆(ဃ) ကတော့ ဆက်သွယ်ရေးပုဒ်မလို့ ဆိုပြီး ဖေ့ဘွတ်စ်မှာ ရေးသူတွေကို ဦးတည်ပစ်တဲ့ ပုဒ်မ ဖြစ်နေတယ်။ အရင်အစိုးရလက်ထက်က နာမည်ကျော်ကြား လူသိများတာကတော့ ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန်တဲ့ ချစ်သမီးပါပဲ။ ယခုအစိုးရလက်ထက် ဒီပုဒ်မကို စတင် ကျော်ကြားစေတာ ကတော့ အန်အယ်လ်ဒီပါတီက လူပြောသူပြောများတဲ့ ခေါင်းဆောင် ဦးဝင်းထိန်နဲ့ သူ့ကို မမှန်မကန် သတင်းလွှင့်တယ်ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင်ပါပဲ။ နောက်တမှုကတော့ Eleven Media Group က ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီပုဒ်မနဲ့ ထပ်စွဲလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ၆၆(ဃ) ဟာ ယခုဆိုရင် အမြင်ကတ်ပုဒ်မ ဖြစ်လာပြီ။ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်က နိုင်ငံရေးသမားတွေနဲ့ စာနယ်ဇင်းသမားတွေကို အမြင်ကတ်လာရင် ပုဒ်မ ၅ နဲ့ ဖမ်းလေ့ရှိတယ်။ အဲဒီကတည်းက ပုဒ်မ ၅ ဟာ သောက်မြင်ကတ်ပုဒ်မလို့ နာမည်တွင်ခဲ့တာပါပဲ။ မဆလခေတ်မှာတော့ ပုဒ်မ(၁၀)က ဆိုတာနဲ့ စစ်ထောက်လှမ်းရေးက မသင်္ကာသူမှန်သမျှကို ဖမ်းဆီးပြီး ထောင်ထဲမှာ တရားမစွဲဘဲ ၃ နှစ်ထားခွင့်ရှိတဲ့ ပုဒ်မကို ထားရှိတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေလက်ထက်မှာတော့ ၅ နှစ်အထိ ထားနိုင်ခွင့်ရှိတယ်လို့ တိုးချဲ့သတ်မှတ်ပြီး ညှဉ်းပန်းခဲ့တာပါပဲ။ ဦးသိန်းစိန်အစိုးရလက်ထက်ကျတော့ ဆန္ဒပြတဲ့သူတွေကို ပုဒ်မ ၁၈ ကို ရေလဲသုံးပြီး ဖမ်းဆီးခဲ့တယ်။ အန်အယ်လ်ဒီအစိုးရ တက်လာတော့ ဒီလိုဥပဒေဆိုးတွေနဲ့ နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ် နေရတဲ့ဘ၀ကနေ လွတ်မလား မျှော်လင့်မိပါတယ်။ ဒီလို ပုဒ်မတစ်ခု သုံးလာပြန်တယ်။ သုံးတဲ့သူကလည်း အန်အယ်လ်ဒီပါတီရဲ့ CEC လည်း ဖြစ်လာတဲ့ အကြီးဆုံး တိုင်းဒေသကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလို၊ အန်အယ်လ်ဒီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းထိန်လို ပုဂ္ဂိုလ်မျိုးတွေက ပုဒ်မ ၆၆(ဃ) ကို နောင်ကြဉ်သွားအောင်လို့ဆိုပြီး ဒီပုဒ်မကိုသုံးစွဲခဲ့တယ်။ နောင်ကြဉ်၊ မကြဉ်တော့ မသိဘူး။ စဖမ်းတာနဲ့ ရဲအချုပ်ထဲမထားဘဲ အင်းစိန်ထောင်ထဲ တန်းပို့တော့တာပဲ။ပုဒ်မ ၅(ည) တို့၊ ၁၀(က) တို့နဲ့  ကျနော်တို့ အဖမ်းခံခဲ့ရသလိုပါပဲ။ သတင်းမီဒီယာအဖွဲ့များကလည်း Eleven Media ရဲ့ CEO နဲ့ အယ်ဒီတာချုပ်တို့ကို ၆၆(ဃ) နဲ့ အရေးယူတရားစွဲတဲ့အပေါ် ရှုတ်ချပြစ်တင်လိုက်တဲ့ သတင်းစာရှင်းလင်းပွဲ သတင်းကိုလည်း ကြားရပါတယ်။ သတင်းအဖွဲ့ ၅ ဖွဲ့က ဒီတရားစွဲဆိုမှုကို ရှုတ်ချကန့်ကွက်ဖို့ ကြေညာချက်ကိုလည်း ထုတ်ကြတယ်။ မီဒီယာဥပဒေနဲ့ သတင်းမီဒီယာကောင်စီကိုလည်း မျက်ကွယ်ပြုလိုက်သလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တားမြစ်ခြင်းဖြစ်တယ်လို့ အဲဒီ သတင်းအဖွဲ့တွေက ထုတ်ပြန်ကြေညာခဲ့ကြတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာ့ဂျာနယ်လစ်ကွန်ရက်၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာမီဒီယာရှေ့နေကွန်ရက်နဲ့၊ BNI အဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်လိုက်တာဖြစ်တယ်။ ဥပဒေအထောက်အကူပြုကွန်ရက် Legl Aid Network အဖွဲ့ကတော့ ယခုလို စာနယ်ဇင်းအပေါ် ၆၆(ဃ)နဲ့ တရားစွဲလိုက်တာဟာ အမှောင်ခေတ်ကြီးထဲ ပြန်ရောက်သွားအောင် တွန်းအားပေးလိုက်သလို မည်သူမှ မဝေဖန်ရဲအောင် လည်း ခြိမ်းခြောက်လိုက်သလို ဖြစ်နေပါတယ်လို့ ဝေဖန်သွားခဲ့တယ်။ ခြိမ်းခြောက်လိုက်တာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် မဝေဖန်ရဲအောင်၊ မရေးရဲအောင် လုပ်လိုက်တာဟာ အောင်မြင်မယ် မထင်ပါဘူး။ စာနယ်ဇင်းသမားတွေဟာ ခြိမ်းခြောက်တိုင်း ကြောက်မယ့် လူတန်းစားတွေ မဟုတ်သလို ဝေဖန်ရေးသားသူတွေဟာလည်း စစ်အာဏာရှင်ခေတ်တုန်းကတောင် နှစ်ရှည် ထောင်ဒဏ်များ ကျခံရပြီး ဝေဖန်ရေးသားသေးတာပဲ။ စစ်အာဏာရှင်တွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီဘက်တော်သားလို့ ခံယူတဲ့သူတွေဟာ အရင်ကလို ဖိနှိပ်လာရင် ပိုပြီးတော့ ကြောက်ကြမှာ မဟုတ်ပါဘူး အမှန်တရားအတွက် အသက်တောင် ပေးခဲ့သေးတာပဲ။ ဒါကို ထောင်ထဲ နှစ်ရှည်နေခဲ့ရတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေရော၊ ၀န်ကြီးချုပ်တွေရော သိကြတာပဲ မဟုတ်လား။ စာနယ်ဇင်းသမားတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေဟာ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ကြောက်မှာမဟုတ်ဘူးဆိုတာ အန်အယ်လ်ဒီ အစိုးရလည်း သိမှာပါ။ သွေးရဲလို့ အမှန်တရားဘက်က ရပ်တည်ခဲ့တယ်ဆိုတာ ယခင်စစ်အစိုးရတွေတောင် သိသေးတာ ယခုအရပ်သားအစိုးရက ပိုသိတာပေါ့။ ဒါကြောင့် ခြောက်လှန့်တဲ့သဘောမျိုးနဲ့တော့ အမှန်တရားကို မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ သတင်းစာအဖွဲ့တွေ တင်ပြခဲ့တာဟာ မှန်ကန်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက မီဒီယာဥပဒေကို မီဒီယာသမားတွေရဲ့ စာပေသမားတွေ ၀ိုင်းဝန်းရေးဆွဲပြီး ယခင်လွှတ်တော်က အတည်ပြုပေးခဲ့တာပဲ။ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ မရှိအောင်နဲ့ သတင်းသမားတွေက ဥပဒေမဲ့ ထင်တိုင်းမရေးကြအောင် ဒီဥပဒေကို အားလုံး သဘောတူ ရေးဆွဲခဲ့တာ မဟုတ်လား။ သတင်းမီဒီယာကောင်စီ ဆိုတာကလည်း ယခု အန်အယ်လ်ဒီ အစိုးရထဲမှာ တာဝန်ယူသွားကြတဲ့ သတင်းသမားတွေ၊ စာရေးဆရာတွေကိုယ်တိုင် ရေးဆွဲအတည်ပြုခဲ့တဲ့၊ ပါသွားတဲ့ သတင်းသမားတွေကိုယ်တိုင် ပါဝင်ဖွဲ့စည်းခဲ့တဲ့ ကောင်စီ မဟုတ်လား။ ဒီလို မီဒီယာဥပဒေလည်း ရှိ၊ သတင်းသမားတွေနဲ့ ပြဿနာဖြစ်လာရင် ကြားကနေ ညှိနှိုင်းပေးရမယ့် သတင်းမီဒီယာကောင်စီလည်း ရှိရက်နဲ့ ဦးဖြိုးမင်းသိန်းလို နိုင်ငံရေးသမားဟောင်း၊ ထောင်ထွက် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးအဖြေရှာရမယ့်အစား အာမခံမပေးတဲ့၊ ထောင် ၃ နှစ်အထိ ချနိုင်တဲ့ ဥပဒေပုဒ်မမျိုးနဲ့ တရားစွဲလိုက်တာ အလွန်စိတ်ပျက်စရာကောင်းလှတယ်။ ၀န်ကြီးချုပ်ဆိုတဲ့ အဆင့်အတန်း၊ ဂုဏ်သရေကြောင့် စွဲလိုက်တာလား၊ ပါတီလူကြီးမင်းတွေရဲ့ သဘောထား ညွှန်ကြားချက်တွေကြောင့် စွဲလိုက်တာလားဆိုတာတော့ ကာယကံရှင်တွေပဲ အသိဆုံး ဖြစ်လိမ့်မယ်။          ဒါပေမယ့် ဒီလို Eleven Media အပေါ် ပြင်းပြင်းထန်ထန်တရားစွဲ အရေးယူလိုက်တာ ကိုတော့ သတင်းမီဒီယာသမားအားလုံးက လက်ခံကြလိမ့်မယ် မထင်ပါဘူး။ သတင်းသမား တယောက်ကတော့ သူ ရတဲ့သတင်းအပေါ်မှာ ဝေဖန်ရေးသားပါလိမ့်မယ်။ တချို့သတင်းတွေဟာ အဂတိတို့၊ ဆန္ဒစွဲတို့ ပါချင်ပါ ပါလိမ့်မယ်။ ပါလာရင်လည်း သတင်းသမားတွေကို မိမိတို့ရဲ့ မိတ်ဆွေတွေအဖြစ် နိုင်ငံရေးသမားပီသစွာနဲ့ စည်းရုံးပြီး အမှန်ကို ရှင်းပြနိုင်ဖို့လိုလိမ့်မယ်။ ခေါင်းဆောင်ကောင်းတွေ၊ နိုင်ငံရေးသမားကောင်းတွေ၊ တာဝန်ယူမှုရှိတဲ့ လူကြီးလူကောင်း တွေဟာ ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်ပြီး နောင်ကြဉ်အောင် လုပ်လိုက်မယ်ဆိုတဲ့ ခပ်တိမ်တိမ်၊ ခပ်ညံ့ညံ့ အလုပ်မျိုးထက် ပိုပြီး စည်းရုံးရေးအသွင်သဏ္ဌာန်ဆောင်ပါတယ်။ အရေးကြီးတာက နိုင်ငံရေး သမားကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကောင်း ဖြစ်ချင်ရင် သည်းခံခွင့်လွှတ်တတ်ဖို့၊ သဘောထား ကြီးတတ်ဖို့ လိုတယ်။ သတင်းသမားတွေက မှားနေရင် ရင်းရင်းနှီးနှီး ရှင်းပြကာ အမှန်ကိုသိစေဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် သတင်းသမားတွေ၊ စာရေးဆရာတွေကတော့ နောင်မရေးရဲဘဲ နောက်တွန့််သွားမှာ မဟုတ်ဘူး ဆိုတာကိုတော့ တင်ပြလိုက်ရပါတယ်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024