Home
မြန်မာသတင်း
အစားအသောက်များ ဘေးကင်းလုံခြုံရေး နိုင်ငံတော်အဆင့် စီမံချက်ချ လုပ်ဆောင်တော့မည်
DVB
·
February 2, 2017
  နိုင်ငံတ၀န်း အစားအသောက်များ ဘေးကင်းလုံခြုံစေဖို့ နိုင်ငံတော်အဆင့် စီမံချက်တရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးရေးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါ တယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဒီနေ့မှာ ထောက်ခံဆွေးနွေးခဲ့ကြပြီး ကျန်းမာရေး ၀န်ကြီးကလည်း ထောက်ခံ ဆွေးနွေးခဲ့တာကြောင့် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုရှင်က ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ အစားအသောက်တွေနဲ့ ဆိုးဆေးပါတဲ့ အစားအသောက်များကို စီမံချက်ချလုပ်ဆောင်ဖို့ တင်ပြခဲ့ပေမယ့် ကျန်းမာရေးဝန်ကြီးက တနိုင်ငံလုံးမှာရှိတဲ့ အစားအသောက်တွေအားလုံး ဘေးကင်းလုံခြုံအောင် လုပ်ဆောင်မယ်လို့ လွှတ်တော်ထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက “အစားအသောက်မှာ ဆိုးဆေး တခုတည်း မဟုတ်ဘူး။ အများကြီး ပါနိုင်ပါသေးတယ်။ ကျနော် ဆိုလိုတာက နိုင်ငံတော်အဆင့် လုပ်မယ်ဆိုရင် ဆိုးဆေးတခုတည်းကို အထူးမပြုဘဲနဲ့ ကျန်တဲ့ဟာတွေ အကုန်ပါပြီးတော့ Food Safety issue အနေနဲ့ လုပ်မယ်ဆိုရင် ငွေကုန်ရကျိုးလည်း နပ်မယ်။ အရမ်းလည်း ကောင်းပါတယ်” လို့ လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ နိုင်ငံတော်အဆင့် စီမံချက်ရေးဆွဲပြီး ပြည်နယ်တိုင်းများမှာပါ တပါတည်း လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးက ဘေးမကင်းတဲ့ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အရေးယူလို့ မရဘူးလို့လည်း ပြောသွားပါတယ်။ ဘေးမကင်းတဲ့ အစားအသောက်များကို စီမံချက်ရေးဆွဲပြီး လုပ်ဆောင်ရာမှာ အဓိက ပညာပေးလုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024