Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံကြောင့် ပြည်တွင်းလုံခြုံရေးအဖွဲ့များ အရည်အသွေးနိမ့်ကျဟု ဝေဖန်
DVB
·
February 2, 2017
ပြည်တွင်းမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေအားလုံး အရည်အသွေး နိမ့်ကျနေရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ဖြစ်တယ်လို့ တရားလွတ်တော်ရှေ့နေ တဦးက ဝေဖန်လိုက်ပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းမှာ လူသတ်သမားတဦးက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီလိုသတ်ဖြတ်ခံခဲ့ရတာဟာ လုံခြုံရေးတာဝန်ယူတဲ့ ရဲတပ်ဖွဲ့ အရည်အချင်းမရှိလို့ အရည်အချင်းရှိတဲ့ နိုင်ငံသားတွေ လုပ်ကြံခံရတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ “ပြည်သူရွေးချယ်ထားတဲ့ အစိုးရမှာ အာဏာမရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်မှာ ရောက်နေတယ်။ အခု ဒီလို စစ်တာဆေးတာ အားလုံးကလည်း ပြည်သူရွေးချယ်ထားတဲ့ အစိုးရအဖွဲ့က ဘာမှလုပ်လို့မရဘူး။ တပ်ရဲ့ဦးစီးချုပ်အောက်က အဖွဲ့အစည်းတွေကပဲ လုပ်နေတာပဲ။ အဲဒီတော့ ၂၀၀၈ အခြေခံဥပဒေကြောင့် ဒီရဲတွေရဲ့ အရည်အသွေးက တအားကျတယ်။ အထူးသဖြင့် လုံခြုံရေးနဲ့ပတ်သက်လို့။ တပ်မတော်ကို ပြောတာမဟုတ်ဘူးနော်။ နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်ကြီးကတော့ တပိုင်းပေါ့။ သို့သော် ပြည်တွင်းလုံခြုံရေးကိုယူတဲ့ အဖွဲ့အစည်းတွေပေါ့။ ရဲအပါအဝင် ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အားလုံးရဲ့ အရည်အသွေးက လုံးဝ နိမ့်ကျနေတယ်။ နိုင်ငံရေးသမားကို ဖမ်းဖို့နဲ့ ဆန္ဒပြတဲ့လူတွေ ဖမ်းဖို့ပဲ အသုံးတည့်တယ်။” လုံခြုံရေးအားနည်းချက်ကြောင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဦးကိုနီရဲ့ ပြည်တော်ပြန်ခရီးစဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့က အကြီးအကဲတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလိုခရီးစဉ်မှာ လုံခြုံရေး အပြည့်အဝ တာဝန်မယူတာက လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။ ပြည်သူတွေလုံခြုံဖို့ တာဝန်ယူထားတဲ့ ပြည်ထဲရေးအောက်က ရဲတပ်ဖွဲ့ အားနည်းတာဟာ အစိုးရအားနည်းတာနဲ့ အတူတူပဲဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ “ဌာနတခု ချို့ယွင်းတာက အစိုးရတခု ချို့ယွင်းတာနဲ့ အတူတူပဲ။ ပြည်ထဲရေးမှာ ချို့ယွင်းနေတာနဲ့ အစိုးရက ချို့ယွင်းတာပဲ။ အစိုးရကနေ ပြည်ထဲရေးမှာ ချို့ယွင်းမှုမရှိအောင် အစိုးရမှာ တာဝန်ရှိတယ်လေ။ ဒါကတော့ ဌာနတခုတည်း ပြောလို့မရဘူး။ ဒီဌာနမှာ ချို့ယွင်းတယ်၊ ဟိုဌာနမှာ ချို့ယွင်းတယ်။ ဒါ အစိုးရချို့ယွင်းတာပဲဆိုတော့ အစိုးရသည် အားလုံးရဲ့တာဝန်ကိုယူပြီးတော့ ချို့ယွင်းတဲ့နေရာ မချို့ယွင်းအောင် ပြင်ဆင်ပေးရမှာပေါ့နော်။ အဲဒါ လုံခြုံရေးကိစ္စဆိုတော့ ပြည်ထဲရေးနဲ့ ဆိုင်တာပေါ့။ ပြည်ထဲရေးက လုံခြုံမှုရှိအောင် အစီအစဉ်တွေ ပြန်လုပ်ပေးရမယ်။ အစိုးရအဖွဲ့အနေနဲ့လည်း လုပ်ရမှာပဲ။ ပြည်ထဲရေးတခုတည်းက အသုံးမကျဘူးလည်း ပြောလို့မရဘူး။ ပြည်ထဲရေး အသုံးမကျလည်း အစိုးရမှာ တာဝန်ရှိတယ်လေ။” အဲဒီအမှုအပါအဝင် အခုလပိုင်းတွေမှာ လက်နက်ကိုင်ပြီး အနုကြမ်းစီးတာ စတဲ့ အမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး တရားခံတွေကို မမိနိုင်သေးတာကလည်း နိုင်ငံတော်နဲ့ နိုင်ငံသား၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေမှာ ဘယ်နေရာမှာမှ လုံခြုံရေးမရှိသလို ဖြစ်နေတယ်လို့ ရှေ့နေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေက ပြောပါတယ်။ ဦးကိုနီ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ရဲဘက်ကတော့ တိကျတဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို အခင်းဖြစ်ပြီး ၂၄ နာရီကျော်တဲ့အထိ ပြောဆိုတာမျိုး မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024