အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရက်စ်တီလ်လာဆန်ကို လွှတ်တော်အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့တဲ့ Exxon Mobil ရေနံကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဟောင်းကို လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ရက်စ် တီလ်လာဆန် (Rex Tillerson) ဟာ အရင်က အစိုးရတာဝန်တွေ ထမ်းဆောင်ဖူးခြင်း မရှိသလို ရုရှားသမ္မတပူတင်နဲ့ အလွန်နီးစပ်သူဖြစ်တဲ့အတွက် လွှတ်တော်ကော်မတီရဲ့ အထပ်ထပ် စစ်ဆေးခံရသူလည်း ဖြစ်ပါတယ်။ သမ္မတနဲ့ ဒု-သမ္မတရှေ့မှောက် အိမ်ဖြူတော်မှာ ကျမ်းကျိန်ခဲ့ပြီး တသက်တာ အတွေ့အကြံတွေဟာ ဒီတာဝန်တွေအတွက် ပြင်ဆင်ပေးပြီးဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ တီလ်လာဆန်ဟာ ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးနဲ့ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ သမ္မတပူတင်က ချီးမြှင့်ခံရသူလည်းဖြစ်တယ်၊ ရုရှားရဲ့ ရန်လိုမှုတွေကြောင့် အနောက်နိုင်ငံတွေ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်လောက်တယ်လို့ သူ့ကို ခန့်အပ်ရေး လွှတ်တော်ကော်မတီ ကြားနာမှုမှာ ပြောဆိုခဲ့ပေမယ့် ရုရှားသမ္မတ ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ သတ်မှတ်ဖို့ကိုတော့ သူက ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ်နဲ့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးတွေကို အလေးထား ကိုင်တွယ်ရမှာဖြစ်သလို အစိုးရသစ်နဲ့ အငြင်းပွားစရာတွေဖြစ်နေတဲ့ ကမ္ဘာ့ရာသီဥတုထိန်းချုပ်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေကိုလည်း စေ့စပ်ရေးတာဝန်တွေ ယူရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up