Homeမြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲကို ကေအိုင်အိုအနေနှင့် သီခြားမဟုတ်ဘဲ ယူအန်အက်စီနှင့်အတူ ဆွေးနွေးမည်
နိုင်ငံရေးဆွေးနွေးပွဲကို ကေအိုင်အိုအနေနှင့် သီခြားမဟုတ်ဘဲ ယူအန်အက်စီနှင့်အတူ ဆွေးနွေးမည်
နော်နိုရင်း
·
February 2, 2017
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို သီးသန့် လုပ်ဆောင်မှာမဟုတ်ဘဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ယူအန်အက်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ လမ်းကြောင်းအတိုင်းသာ သွားမှာဖြစ်တယ်လို့ ကေအိုင်အိုအဖွဲ့က ပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က အေအိုင်အိုကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ စာရေးသား ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ကေအိုင်အိုအနေနဲ့ သီးခြားတွေ့ဆုံမှာမဟုတ်ကြောင်း အကြောင်းပြန်ခဲ့တာလို့ ကေအိုင်အေပြော ခွင့်ရသူတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။
“ကေအိုင်အိုအနေနဲ့ကတော့ စာပြန်တာရှိပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးတာက တော့ ကေအိုင်အိုသီးသန့်အနေနဲ့ ဆွေးနွေးတာကတော့ အခုလောလောဆယ် မလုပ်တော့ဘူး။ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူအန်အက်စီအဖွဲ့ဝင်ဖြစ်တဲ့အတွက် ယူအန်အက်စီရဲ့ ဒီပီအန် လမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ စာပြန်ထား တာရှိပါတယ်။” ဇန်န၀ါရီလ ၂၉ ရက်နေ့က အကြောင်း ပြန်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးတဲ့အပိုင်းကို ယူအန်အက်ဖ်စီအနေနဲ့သာ ဆွေးနွေးမှာဖြစ်ပေမယ့် တခြား လက်နက်ကိုင်အဖွဲ့နဲ့မသက်ဆိုင်ဘဲ ကေအိုင်အိုနဲ့ပဲ သီးသန့်သက်ဆိုင်တဲ့ အကြောင်းအရာတွေသာ ဆိုရင်တော့တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။
၂၇ ရက်နေ့က ပေးပိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ရဲ့စာမှာတော့ နိုင်ငံရေးဆွေးနွေး လိုပါက ရန်ကုန် ကို လာပြီးဆွေးနွေးဖို့ ရေးသားထားပါတယ်။
ကေအိုင်အိုအဖွဲ့ဟာ ယူအန်အက်စီအဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) လက်မှတ်မရေးထိုးကြရသေးတဲ့ အဖွဲ့ဖြစ်သလို တအာင်း၊ အေအေ၊ ကိုးကန့်အဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားပါတယ်။