မျက်နှာပေါ်မှ ဘောလုံးတလုံးအရွယ် ကင်ဆာကျိတ်ကြီးနှင့် သနားစဖွယ် ၇ နှစ်သမီးလေး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံမှ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးတဦးရဲ့ မျက်နှာပေါ်မှာ ဘောလုံးတလုံး အရွယ်အစားလောက်ရှိတဲ့ အဖုအကျိတ်ကြီးကြောင့် စိုးရိမ်စရာ အခြေအနေတခုနဲ့ ရင်ဆိုင်နေရပါတယ်။ ရှာဇာဒီအမည်ရတဲ့ အဲဒီမိန်းကလေးဟာ ပါကစ္စတန်ကျေးလက်ဒေသ ရွာတရွာမှဖြစ်ပြီး ဒါကို ဆက်လက်ကုသနိုင်ဖို့ မိသားစုအနေနဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇန်နဝါရီ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ ကင်ဆာအကျိတ်တခုဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်မျက်လုံးပေါ်မှာ ဖုထွက်နေတဲ့ အကျိတ်ကြီးဟာ အန္တရာယ်ဖြစ်စေနိုင်တာမို့ သူ့အသက် ၈ လအရွယ်တည်းက မျက်လုံးကို ဖယ်ထုတ်ပစ်ခဲ့ရတာပါ။ ဒါပေမယ့် သူ့မျက်နှာပေါ်က အကျိတ်ကြီးဟာ ပိုပြီးကြီးထွားလာနေဆဲဖြစ်တာမို့ ဒါကို ဆက်လက်စောင့်ကြည့်ကုသနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ အသက် ၅၀ အရွယ် မူဆန်မက်ဂျာဟန်က “သူ့မျက်လုံးတွေ နောက်တကြိမ် ပြန်မြင်နိုင်ဦးမလား ဆိုတာကတော့ ဘုရားသခင်မှ သိနိုင်မှာပါပဲ။ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ကျမတို့ မသိနိုင်ပါဘူး။ သူဟာ ငယ်ငယ်တုန်းကတော့ ကျန်းမာသန်စွမ်းတဲ့ ကလေးတယောက်ပါ။ တရက်မှာတော့ သူ့မျက်လုံးတွေ နီရဲနေခဲ့တာကို ကျမ သတိထားမိခဲ့တယ်။ အဲဒီအချိန်ကစပြီး မျက်လုံးထဲက ဘာကြောင့်မှန်းမသိဘဲ နေ့တိုင်း အရည်တွေထွက်နေခဲ့တာ” လို့ ပြောပြပါတယ်။ ဒါကို ဘာကြောင့်ဖြစ်ရသလဲဆိုပြီး ကုသခဲ့ပေမယ့် ရောဂါဇာစ်မြစ်ကို မဖော်ထုတ်နိုင်ခဲ့ဘဲ အထူးကုတွေနဲ့ ဆက်ကုသဖို့သာ အကြံပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ကရာချိမြို့မှ ဆရာဝန်တဦးက ကလေးငယ်မှာ ကင်ဆာရောဂါဖြစ်နေပြီး မျက်လုံးကို ဖယ်ထုတ်ပစ်မှ သက်သာနိုင်မယ်ဆိုပြီး ဖယ်ထုတ်ပစ်ခဲ့တာပါ။ ဒါပေမယ့် မသက်သာဘဲ သူ့ရဲ့မျက်နှာပေါ်က အဖုအကျိတ်ကြီးဟာ ဆက်လက် ကြီးထွားလာနေခဲ့ပြီး မိသားစုဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူ အလီဟာဆန်ရှိတ်ခ်က “ကျနော်တို့မှာ အချိန်သိပ်မကျန်တော့ပါဘူး။ စုဆောင်းထားသမျှလည်း မြို့ရွာအနှံ့ သွားကုခဲ့တာမို့ ကုန်နေပါပြီ။ နောက်ထပ် ဆေးကုသနိုင်ဖို့ ပိုက်ဆံမရှိတော့ပါဘူး” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ရဲ့ မိဘတွေဟာ မြေပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရဆီ သမီးငယ်ရဲ့ ဆေးဝါးဆက်လက်ကုသနိုင်ဖို့ အသနားခံ အကူအညီ တောင်းခံနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up