ရုပ်ရှင်ဗွီဒီယို တည်ဖြတ်ခြင်းဆိုင်ရာ မူဝါဒ ၄ ချက် လျှော့ချပေး
DVB
·
December 11, 2011
ရုပ်ရှင်ဗွီဒီယို တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒ ၁၀ ချက်ထဲက ၄ ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဖြေလျှော့ပေးလိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကစပြီး မူဝါဒ ၆ ချက်နဲ့ပဲ ရုပ်ရှင်ဗွီဒီယို ဇာတ်ကားတွေကို စိစစ်တည်းဖြတ်ခွင့် ပြုသွားတော့မယ်လို့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
လျှော့ချပေးလိုက်တဲ့ အချက် ၄ ချက်ကို ဗွီဒီယို ဆင်ဆာအဖွဲ့ အတွင်းရေးမှူး ဦးရဲဝင်းက အခုလို ပြောပြပါတယ်။
“လေးချက် လျှော့ပေးတယ်ဆိုတာ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကလေးသူငယ်ရေးတို့မှာ ပါတဲ့ အချက်တွေ အကုန်လုံး လျှော့ချပေးပါတယ်ခင်ဗျ။”
အခု စနေနေ့ သတင်းထုတ်ပြန်တဲ့ အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း တက်ရောက်ပါတယ်။
ဒီအစည်းအဝေးမှာ ဦးကျော်ဆန်းက မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရကြောင်း၊ ဒီရုပ်ရှင် ရိုက်ကူးရေးမှာ ကူညီဖို့ အသင့်ရှိပါတယ်လို့လည်း ဦးကျော်ဆန်းက ပြောကြားသွားကြောင်း ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။
ဒီအစည်းအဝေးကို ရုပ်ရှင်အနုပညာရှင် တချို့နဲ့၊ ဒါရိုက်တာ တချို့ကို ဖိတ်ကြားတယ်လို့ သိရပါတယ်။ ရုပ်ရှင်-ဗွီဒီယို ဆင်ဆာအဖွဲ့ကို ဝေဖန်ပြောကြားခဲ့ဖူးတဲ့ ဒါရိုက်တာ မောင်မျိုးမင်း စတဲ့ ပုဂ္ဂိုလ်တချိုကတော့ ဒီအစည်းအဝေးမှာ ဖိတ်ကြားခံရခြင်း မရှိပါဘူး။