ချင်းတွင်းမြစ်ကြောင်းတွင်း ကုန်တင်ရေယာဉ် ၂ စီးတိုက်မိ
DVB
·
February 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မန်ဖာလေးကျေးရွာအနီးမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ချင်းတွင်းမြစ်ကြောင်းတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်နှစ်စီးဟာ ရေလမ်းခရီးမှာ ထိတိုက်မိပြီး တိမ်းမှောက်တိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
ထိတိုက်မိတဲ့ ရေယာဉ်များမှာ ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာတဲ့ ပြည်တော်အေး ကုန်တင်ရေယာဉ်နဲ့ မုံရွာမှ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ဟိန်းမင်းကုန်တင်ရေယာဉ်တို့ ဖြစ်ကြောင်း သိရပါတယ်။
ပြည်တော်အေးရေယာဉ်အတွင်းမှာ ဆန်အိတ် ၂၀ အိတ်၊ ဖွဲအိတ် ၁၁၄ အိတ်၊ ရေနံချေးပုံး ၅ ပုံးနဲ့ လူ ၉ ဦးတင်ဆောင်လာပြီး ဟိန်းမင်းရေယာဉ်အတွင်းမှာတော့ ဒီဇယ်ပေပါ ၂၀၀ ၊ ဆန်အိတ် ၁၀၀၊ ကုန်မျိုးစုံဂျက်ဖာ ၁၀၀ နဲ့ ရေယာဉ်လုပ်သား ၅ ဦးတို့ ပါရှိလာကြောင်း သိရပါတယ်။
အဆိုပါ ရေယာဉ် ၂ စီး ထိတိုက်မှုကြောင့် ပြည်တော်အေးရေယာဉ်မှာ တိမ်းမှောက်ခဲ့ရပြီး ကုန်ပစ္စည်းများ ဆုံးရှုံးမှုတချို့ရှိခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။
ကယ်ဆယ်ရေးအဖွဲ့တွေကတော့ တိမ်းမှောက်ခဲ့တဲ့ အမြန်ရေယာဉ်နဲ့ ကုန်ပစ္စည်းတွေကို ဆယ်ယူနေပြီး သက်ဆိုင်ရာမှ ရေယာဉ် ၂ စီးတိုက်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကို စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
သတင်း - ရန်နိုင်စိုး