Home
မြန်မာသတင်း
စစ်တပ်အသုံးစရိတ် လျော့နည်း တောင်းခံ
DVB
·
February 1, 2017
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စစ်တပ်အသုံးစရိတ်ကို အရင် ၂ နှစ်ထက် လျော့နည်းတောင်းခံလိုက်ပါတယ်။ လာမယ့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်အဖြစ် ငွေကျပ်သန်းပေါင်း ၂၉၀၀ ကျော် တောင်းခံလိုက်ပြီး ဒီပမာဏဟာ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ငွေကျပ် သန်း ၈၆ သန်းခန့် လျှော့ပြီး တောင်းခံခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။ ဇန်န၀ါရီ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရသုံးဆိုင်ရာ ဘဏ္ဍာငွေတွေ တင်ပြရင်း ကာကွယ်ရေးဒုဝန်ကြီးက ပြောခဲ့တာပါ။ “ရငွေ စုစုပေါင်း ၇၃ ဒသမ ၁၁၁ ဘီလီယံ၊ သုံးငွေ စုစုပေါင်း ၂၉၀၅ ဒသမ ၁၉၅ ဘီလီယံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ငွေလုံးငွေရင်း အသုံးစရိတ် ၈၆ ဒသမ ၅၃၃ ဘီလီယံ  လျော့နည်းတောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ တောင်းခံမှုဟာ ယခင် ၂ နှစ်ထက် လျော့နည်းနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။” ဗိုလ်ချုပ်မြင့်နွယ်ရဲ့  ပြည်ထောင်စုလွှတ်တော်အတွင်း တင်ပြချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ စစ်တပ်အသုံးစရိတ် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ၃၀၀၀ နီးပါး ရှိခဲ့ကြောင်း တွေ့ရပါတယ်။ စစ်တပ်အသုံးစရိတ် လျော့နည်း တောင်းခံခဲ့သလို တခြားတဖက်မှာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ စစ်တပ်က ရငွေလည်း လျော့နည်းခဲ့ပါတယ်။ လေယာဉ် ရဟတ်ယာဉ် ငှားရမ်းခငွေများ လျော့နည်း ရရှိခြင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံမှ လျော့နည်းရရှိခြင်း၊ တပ်မတော်ဖိနပ်စက်ရုံမှ လျော့နည်းရရှိခြင်းနဲ့ ဆက်သွယ်ရေး E 1 ချန်နယ် ငှားရမ်းခငွေများ လျော့နည်းရရှိခြင်းတို့ကြောင့် ရငွေ လျော့နည်းသွားတာလို့ ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်ထဲမှာ ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024