မြောက်ဦးတွင် မီးလောင်၊ နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံး
DVB
·
January 30, 2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အုန်းတပင်အုပ်စုမှာ ဒီနေ့ ညနေ ၄ နာရီလောက်က မီးလောင်းမှုဖြစ်ပွားလို့ နေအိမ် ၉ လုံး ဆုံးရှုံးသွားပါတယ်။
မြောက်ဦး၊ လက်ကောက်ဈေးရပ်ကွက်နေ ကိုထွန်းနိုင်က “၃ နာရီက စပြီးလောင်တာပါ။ မီးလောင်းမှုတွေကြောင့် နေအိမ် ၉ ဆောင်ပါသွားတယ်။ အိမ်တွေ အဲ့ဒီအနားမှာ ကြပ်သိပ်နေတယ်။ ဘေးနားမှာ အိမ်တွေ ကူးစက်မှာစိုးလို့ နေအိမ် ၆ ဆောင်လောက်ဖျက်လိုက်ရပါတယ်။ အခုတော့ မီးကငြိမ်းသွားပါပြီ၊ ဘယ်က စလောင်လဲတော့ ကျနော်တို့လည်း မသိဘူး။ ရပ်ကွက်ကလူတွေ ဝိုင်းဝန်ပြီး သတ်လိုက်ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်နေရာကို မြောက်ဦးမြို့ မီးသတ်ဌာနက လာရောက်ငြှိမ်းသတ်ခဲ့ပြီး တစုံတရာ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ သိရပါတယ်။
မီးလောင်းမှုနဲ့ပတ်သက်လို့ မြောက်ဦးမီးသတ်ဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ ထွန်းနိုင်