မိုးညှင်းမြို့တွင် ရထားနှင့်ကား တိုက်မှုဖြစ်ပွား
DVB
·
January 30, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဇန်နဝါရီ ၂၉ ရက်မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်က ရထားနဲ့ ကားတိုက်မိခဲ့ပါတယ်။
ဖြစ်ပွားပုံမှာ မိုးညှင်းဘူတာမှထွက်လာသော စက်ခေါင်းမောင်း ဦးဇော်လင်း မောင်းနှင်ပြီး ရထားထိန်း ဦးပြုံးချို လိုက်ပါလာတဲ့ အမှတ်-၄၉ နဘားခေါက်ပြန် အဆန်ရထားအား မောင်းနှင်လာစဉ် အရှေ့မှ အနောက်သို့ ယာဉ်မောင်းအောင်သူလတ် မောင်းနှင်လာသော မာဇဒါအမှတ် 7G 2559 သည် အင်ကြင်းကုန်းကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ် ၆၃၅/၁၅ နဲ့ ၆၃၅/၁၆ အကြား သံလမ်းဖြတ်ကူးစဉ် ရထားစက်ခေါင်းအား တိုက်မိခဲ့တာပါ။ ခရီးသည်များ ထိခိုက်မှုမရှိခဲ့ဘဲ ရထားစက်ခေါင်းပျက်စီးပြီး ကားရှေ့ပိုင်း ပျက်စီးသွားခဲ့ပါတယ်။
သံလမ်းအကူးမှာ ရထားနဲ့ကားတိုက်မိတာမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း တိုက်မိခဲ့ကြပြီး ဖြစ်ပါတယ်။
ရထားဖြတ်သန်းမောင်နှင်နေချိန် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အောင်သူလတ် (၂၈-နှစ်၊ မိုးညှင်းမြို့ နေသူ)ကို မြန်မာ့မီးရထား အငယ်တန်းအင်ဂျင်နီယာ ဦးသန်းစိုးက တရားလိုပြု တိုင်ကြားခဲ့တာကြောင့် (ပ)၁၄/၁၇ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ အရ အမှုစစ်ရဲအုပ်ကျော်မင်းထွေးက မိုးညှင်းရဲစခန်းမှာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပါတယ်။
သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း