ပင်လယ်ပြင် ကျားဖောင်ပေါ်တွင် လူသတ်မှုဖြစ်ပွား
DVB
·
January 30, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ် အနောက်ဘက်၊ ကပ္ပလီပင်လယ်ပြင်၊ ငှက်ပျောကျွန်းအနီး ပင်လယ်ပြင်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁ နာရီခွဲအချိန်က ငါးဖမ်းနေတဲ့ ကျားဖောင်ဦးစီး ထွန်းသူရဲ့ ငါးဖမ်းကျားပိုက်ဖောင်ပေါ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
ကျားဖောင်လုပ်သား နေစိုးထွန်းက အလုပ်လုပ်ကိုင်စဉ် ကျားဖောင်ဦးစီးချုပ် ဦးမြင့်ဦးက ထိုးကြိတ် ရိုက်နှက်ဆဲဆိုခဲ့တာတွေကို အငြိုးထားပြီး ငါးခွဲဓားဦးချွန်နဲ့ လည်ပင်းဝဲဘက်ကို ထိုးရာမှာ ထွန်းသူနဲ့ ဝေလု(ခ) ကိုမင်းတို့ နှစ်ဦးက ဦးမြင့်ဦးရဲ့ လက်နှစ်ဖက်ကို ဝိုင်းဝန်းချုပ်ကိုင်ပေးခဲ့တာကြောင့် ကျားဖောင်ပေါ်မှာ ဦးမြင့်ဦး သေဆုံးခဲ့ပါတယ်။
ကျားဖောင်လုပ်သား နေစိုးထွန်းနဲ့အတူ အောင်ချမ်းသာ၊ ထွန်းသူ၊ ဝေလု (ခ) ကိုမင်းတို့က စက်လှေငယ်ပေါ်ကို တင်ဆောင်ပြီး အလောင်းကို ကြိုးတွဲချည်ပြီး ပင်လယ်ထဲမျှောချ ဖျောက်ဖျက်ခဲ့ပါတယ်လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့နံနက် ၆ နာရီအချိန်က ဦးစိုးခိုင်ရဲ့ ကျားဖောင်နဲ့ ရှာဖွေရာ အလောင်းတွေ့ရှိပြီး ဦးစိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းလာတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပက်သက်ပြီး ရေးမြို့မရဲစခန်းမှ ဇန်နဝါရီ ၃၀ ရက်နေ့မနက် ၃ နာရီခွဲအချိန်က နေစိုးထွန်း၊ အောင်ချမ်းသာ၊ ထွန်းသူ၊ ဝေလုတို့ကို ဖမ်းဆီးအရေးယူထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်