ချီလီနိုင်ငံ အလယ်ပိုင်းတွင် တောမီးကြောင့် လူ ၁၁ ဦး သေဆုံး (ရုပ်သံ)

ချီလီနိုင်ငံအလယ်ပိုင်း တောမီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး တချို့မိသားစုတွေကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ချီလီနိုင်ငံအလယ်ပိုင်း ဘီယို ဘီယိုဒေသ ဟွာလ်ကွီမြို့ကလေးမှာ ပြင်းထန်တဲ့ တောမီးတွေဟာ လူနေအိမ်တွေအထိ ကူးစက်ခဲ့ပါတယ်။ မိသားစုတစုကတော့ သူတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေအတွက် တူးထားတဲ့ မြေအောက်ရေတွင်းထဲကို ကြိုးနဲ့ခိုဆင်းရင်း ကြောက်စရာကောင်းတဲ့ တောမီးတွေရဲ့ ဝါးမြိုမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက "ကျမသမီးလေးတွေကို ရှာဖွေခဲ့တယ်။ ပြီးတော့ ဝါယာကြိုးကိုခိုပြီး ရေတွင်းထဲမှာနေဖို့ ပြောခဲ့တယ်။ သမီးတယောက်ကလည်း ကျမနောက်မှာ ကျန်နေသေးတယ်။ သူ့ကိုလည်း ရေတွင်းထဲဆင်းဖို့ ပြောလိုက်တယ်။ သူတို့ရဲ့အပေါ်ဆုံးမှာ ဝါယာကြိုးကို တန်းလန်းခိုရင်း ရေတွင်းထဲမှာ ကျမ နေခဲ့တယ်။ သမီးလေးတွေက ကြောက်လွန်းလို့ ငိုနေခဲ့တယ်” လို့ ပြောပြသွားပါတယ်။ "ကျမတို့အားလုံး မီးလောင်ပြီး သေရတော့မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဒီတွင်းက ကျမတို့အသက်ကို ကယ်ခဲ့တယ်။ တွင်းထဲမှာ ရေက ရှိနေပြီး အပေါ်မှာ အဖုံးရှိနေတော့ မီးတွေက အပေါ်ကနေပဲ လောင်ကျွမ်းသွားခဲ့တယ်" လို့ ဆက်ရှင်းပြသွားပါတယ်။ အသက်မသေ လွတ်မြောက်လာတဲ့ သမီးငယ်လေးတဦးကလည်း "မီ်းတောက်တွေက ကျမတို့အပေါ်ကနေ ဖြတ်သွားပြီး အရာရာကို ဝါးမြိုပစ်ခဲ့ပါတယ်။ ဘာလုပ်ရမှန်း ကျမ မသိခဲ့ပါဘူး။ ကျမက တွင်းအောက်ဆုံး မြေကြီးပေါ်မှာလေ။ ကျမအိမ်ကို မီးတွေဝါးမြိုသွားတာ မြင်ခဲ့ရတယ်။ ဝမ်းနည်းစရာ အရမ်းကောင်းပါတယ်” လို့ ပြောပြသွားပါတယ်။ အဲဒီဒေသမှာရှိတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေကတော့ တောမီးကြောင့် ဒဏ်ရာရတဲ့ တိရစ္ဆာန် ၅၀၊ ၆၀ လောက် ရောက်လာကြောင်း၊ ခွေးတွေနဲ့ ကြောင်တွေ ဆေးခန်းကို ရောက်လာပြီး အခုတော့ မြင်းတကောင်ပါ ရောက်လာကြောင်း၊ နောက်ပိုင်းမှာ ဝက်တွေနဲ့ နွားတွေကို ဆေးကုပေးမယ့်အကြောင်း ရိုက်တာသတင်းထောက်ကို ရှင်းပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up