အမျိုးသားတဦးကို ရထားလမ်းပေါ် တွန်းချမှုကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ (ရုပ်သံ)

ရထားလာဖို့ စက္ကန့်ပိုင်းအချိန်မှာ အမျိုးသားတဦးကို ရထားလမ်းပေါ် တွန်းချလိုက်လို့ အင်္ဂလန်ဘောလုံး ပရိသတ်တဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဘီဘီစီရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် ယူရိုကစားပွဲအတွင်း ရုရှားဘောလုံး ပရိသတ်တွေရဲ့ အပြုအမူကို ဒေါသထွက်လို့ ဘွန်းဘူတာရုံမှာ ပိုလန်ဆောက်လုပ်ရေးသမား ဒေးဗစ်ပီထရက်စ်ဇက်က်ကို ရထားလမ်းပေါ် တွန်းချလိုက်တာလို့ တွန်းချလိုက်တဲ့ ခရစ်စတိုဖာကိုးလ်က ပြောပါတယ်။ တွန်းချခံရတဲ့သူက ရထားမလာခင် စက္ကန့်ပိုင်းအလိုမှာ ရထားလမ်းပေါ်က ပြန်ခုန်တက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလို့ အသက် ၃၂ နှစ်အရွယ် ကိုးလ်က ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်နေ့က မစ်စတာ ပီထရက်စ်ဇက်က် အသက် ၂၁ နှစ် ကို ရုရှလူမျိုးလို့ အထင်မှားပြီးတဲ့နောက် စင်ထရယ်ရထားလိုင်းပေါ်မှာ တွန်းချသူကိုးလ်က အရက်မူး ပီထရက်စ်ဇက်က်ကို ရွေးပြီး ရန်ဖြစ်ခဲ့တာလို့ တရားရုံးကြားနာမှုမှ သိရပါတယ်။ ကိုးလ်က ပီထရက်စ်ဇက်က်ကို နောက်ရထားမလာခင် ၃၄ စက္ကန့်အလိုမှာ ရထားလမ်းပေါ် တွန်းချခဲ့တာပါ။ တွန်းချခံရသူက လက်ချောင်းတွေကျိုးတာနဲ့ ဦးဆုံး မီးလောင်ခံရတယ်လို့ ထင်ရတဲ့ နောက်ကျောဖက်မှာ ရရှိတဲ့ ပြတ်ရှဒဏ်ရာတွေ အပြင်းအထန် ယောင်ယမ်းဒဏ်ရာတွေကြောင့် ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ “တွန်းချခံရတဲ့သူကို လုံးဝ အကြောင်းပြချက်တစ်စုံတစ်ရာ မရှိပဲ အလွယ်တကူ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုမျိုး လုပ်ခဲ့တယ်” လို့ အကြီးတန်းစုံစမ်းရေးအရာရှိ ပေါလ်လန်ဂ်လေက ပြောပါတယ်။ “ခံရတဲ့သူရဲ့ ဖိနပ်အောက်ခံက ရာဘာဖြစ်နေလို့ ဒီလို အသက်ရှင်တာ” လို့ တရားစွဲဆိုသူ ဒဲန်နာဟီရာက ပြောပါတယ်။ ကိုးလ်က အခင်းဖြစ်ပွားပြီး ထွက်ပြေးပေမယ့် ဇူလိုင်လမှာ ဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပီထရက်စ်ဇက်က်ရဲ့ “ရထားကို သူပိုင်သလိုမျိုး” လုပ်နေတဲ့ ပုံစံက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ တွန်းချခဲ့တဲ့ ကိုးလ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up