မွတ်စလင်ဒုက္ခသည်များကို ၀င်ခွင့်ပိတ်လိုက်သည့်အပေါ် ဒေါ်နယ်ထရမ့်ကို ကန့်ကွက်ဆန္ဒပြ

သမ္မတသစ် ဒေါ်လ်နယ်ထရမ့်က မွတ်စလင်နိုင်ငံ ၇ ခုကနေ အမေရိကန်ပြည်ထောင်စုဆီ ၀င်လာမယ့်သူ အားလုံးအပေါ် အထူးတင်းကြပ်တဲ့အမိန့်ကို မနေ့က လက်မှတ်ရေးထိုး လိုက်တာမို့ ဒီအပေါ် တုံ့ပြန်ဆန္ဒပြမှုတွေဟာ  ဇန်နါဝရီ ၂၈ ရက်ကစလို့ မြို့တော်ဝါရှင်တန်ဒီစီအပါအ၀င်  နေရာအတော်များများမှာ ဖြစ်ပွားနေပါတယ်။ သမ္မတသစ် ထရမ့် အထူးတင်းကြပ်ထားတဲ့ နိုင်ငံတွေကတော့ ဆီးရီးယား၊ ဆူဒန်၊ ဆိုမားလီးယား၊ အီရတ်၊ အီရန်၊ လစ်ဗျားနဲ့ .ယီမင်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ထရမ့်ရဲ့အမိန့်အရ အဲဒီနိုင်ငံတွေကနေ အသစ်ဝင်လာသူတွေသာမက အမေရိကန်မှာ တရားဝင်နေထိုင်သူတွေကိုပါ အလွန်အမင်းတင်းကြပ်စွာစစ်ဆေးပြီး မိခင်နိုင်ငံဆီပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ဆန္ဒပြပွဲကို ဦးဆောင်သူ အမေရိကန် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ရှေ့နေများအဖွဲ့မှ ရှေ့နေတဦးက “ကျမတို့ အမှုသည်တွေကို စကားပြောခွင့်မရပါဘူး။ ကျမ CPB-ထဲဝင်သွားခဲ့တယ်၊ ကျမမှာ  ရှေ့နေတွေဖြည့်ပေးရတဲ့ G28 ပုံစံ စာရွက်ပါလာတယ်။ ကျမကို အမှုသည်တွေနဲ့ စကားပြောခွင့် မပေးပါဘူး။ ကျမတို့ကို ဘာသတင်း အချက်အလက်မှလည်း မပေးပါဘူး။ အမှုသည်တွေဟာ သူတို့မိသားစုဝင်တွေနဲ့လည်း စကားပြောခွင့်မရပါဘူး။ ဖုန်းလည်း မရှိပါဘူး။ သူတို့မှာ ဘာဆိုဘာမှ မရှိပါဘူး” လို့ ရှင်းပြသွား ပါတယ်။ ဒါ့အပြင် ဒီနေရာမှာ ရှိနေသူတွေဟာ မိသားစုဝင်အချင်းချင်း ပြန်တွေ့မယ့်သူတွေ ဖြစ်ကြောင်း၊ သူတို့ဟာ ဒုက္ခသည်တွေမဟုတ်ဘဲ အမြဲတန်းနေထိုင်ခွင့်ရထားသူ၊ Green Card ရထားသူတွေဖြစ်ကြောင်း  ပြောပြသွားပါတယ်။ မြို့တော်ဝါရှင်တန်ဒီစီမှာ ဆန္ဒြုပသူတစ်ဦးကတော့  “မွတ်စလင်အိမ်နီးချင်းတွေအပေါ် ဘုရား သခင်ကောင်းချီးပေးပါစေ” လို့ ဆုတောင်းသွားပါတယ်။ ဗားဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း  “အမေရိကန်ပြည်ထောင်စုဟာ အားလုံးအတွက် တံခါးဖွင့်ထားတဲ့ ကြိုဆိုတဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ အမိန့်သစ်အပေါ် အထူးစိုးရိမ်ကြောင်း ”ပြောကြားသွားပါတယ်။ ဒါ့အပြင် တရားဝင်စာရွက်စာတန်း ခိုင်လုံသူတွေကို အမေရိကန်ပြည်ထောင်စုဆီ လွတ်လပ်စွာ လာရောက်ခွင့်ပေးဖို့ ရှေ့နေချုပ်ထံ သူတောင်းဆိုထားကြောင်း ရှင်းပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up