စတုတ္ထတန်းကျောင်းသား ၁ ဦးကို ကျောက်သယ်ကား ၀င်တိုက်၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
January 29, 2017
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဂုန်းချိန်းအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာမှာ မှုကြိုကျောင်းကို ကျောက်သယ်ကားတစီးက ကျောင်းရှေ့မှာရပ်နေတဲ့ ကျောင်းသားတဦးကို ၀င်တိုက်လို့ ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ သွားပါတယ်။
ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်က ဂုန်းချိန်ကျေးရွာအနီး မူကြိုကျောင်းမှာ ကျောင်းဖြစ်မြောက်ရေးအစည်းအဝေး လုပ်အပြီး မူကြိုကျောင်းရှေ့မှာရပ်နေတဲ့ စတုတ္ထတန်း ကျောင်းသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဝင်တိုက်ခဲ့တာပါ။
ကျောက်ဖြူမြို့မရဲစခန်းမှူးက “ကျောင်းဖြစ်မြောက်ရေးအတွက် ကျောင်းအစည်းအဝေးလုပ်လို့အပြီးမှာ ဝင်တိုက်တာပါ။ ကျောင်းသားတွေ ကျောင်းရှေ့မှာ မတ်တပ်ရပ်နေတာပါ။ ကျောင်းသားက အတိုက်ခံရတဲ့နေရာမှာ ဆုံးသွားပါတယ်။ အခြားအမျိုးသမီး တဦးကတော့ ဒဏ်ရာနဲ့ ကျောက်ဖြူဆေးရုံကို တင်ထားလိုက်ပါတယ်။ ကားသမားကတော့ ထွက်ပြေး သွားတယ်။ ကျနော်တို့ဆီက နယ်ထိန်းခေါင်းဆောင်ရယ်၊ ယာဉ်ထိန်းရဲတွေ ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်က စထုတ္ထတန်း မောင်ထက်မြတ်အောင်အသက် အသက် (၉) နှစ်ဖြစ်ပြီး ဒဏ်ရာရတဲ့အမျိုးသမီးကတော့ ကျောက်ဖြူဆေးရုံမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ကျောက်သယ်ကားကို မောင်းလာတဲ့သူဟာ အခင်းဖြစ်ပွားတဲ့နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျောက်ဖြူမြို့မ ရဲစခန်းက တရားခံဖြစ်သူကို ပ/၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က /၃၃၈/၂၀၂ အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။