တရားမ၀င်ငါးခိုးဖမ်းမှုဖြင့် အိန္ဒိယနိုင်ငံသား ၆၀ ကို ပါကစ္စတန် ဖမ်းဆီး

ပါကစ္စတန်ရေပိုင်နက်ထဲ တရားမ၀င်ခိုးဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယငါးဖမ်းသမား ၆၀ နဲ့ ငါးဖမ်းလှေ ၁၀ စီးကို ပါကစ္စတန်ရေတပ်က ဇန်န၀ါရီ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိပ်ကမ်းရဲတပ်ဖွဲ့အရာရှိက “ပါကစ္စတန်ရေပိုင်နက်ထဲ ၀င်လာတဲ့အတွက် လှေ ၁၀ စီးနဲ့ အတူ အိန္ဒိယငါးဖမ်းသမား ၆၀ ကို ရေတပ်က ဖမ်းဆီးလိုက်ပါတယ်။ ဒီကနေ့သူတို့ကို ရဲစခန်းထဲ ခေါ်လာပါတယ်။ သူတို့ကို နိုင်ငံခြားသားပုဒ်မ၊ တရားမ၀င် ငါးခိုးဖမ်းတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်ပါပြီ။ မနက်ဖန် ရုံးမထုတ်ခင် သူတို့ရောက်လာပါလိမ့် ”မယ်လို့ ရှင်းပြသွားပါတယ်။ အိန္ဒိယနိုင်ငံသား ငါးဖမ်းသမားတစ်ဦးကတော့ “ရေပိုက်နက်နယ်စပ်ကနေ ၂ ကီလိုမီတာလောက်မှာ ကျနော်တို့ ရှိနေခဲ့တာပါ၊ ပေါ်ဘန်ဒါဆိပ်ကမ်းနားမှာ လှေ ၂၀၀ လောက် ကျောက်ချထားပါတယ်။ ရေစီးကြောင့် ပိုက်တွေက ချထားတဲ့ကျောက်နဲ့ ငြိနေပါတယ်။ ကျောက်ကို သူတို့စွဲတင်လိုက်တော့ ကျနော်တို့ပိုက်တွေ စုတ်ပြတ်ကုန်တာပေါ့။ နောက်တစ်နေ့ ပိုက်တွေကို လိုက်ရှာတော့ ရေပိုင်နက်နယ်စပ်နားကို ကျနော်တို့ရောက်သွားပါတယ်။ ဇန်န၀ါရီ ၂၆ ရက်နေ့ကျတော့ ပါကစ္စတန်ရေတပ်ရောက်လာပြီး ကျန်ာတို့ကို ဖမ်းတော့တာပါပဲ”လို့ ရှင်းပြသွားပါတယ်။ နျူကလီးယားလက်နက်တွေ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ပါကစ္စတန်ဟာ လွတ်လပ်ရေးရပြီးကတည်းက တစ်ဘက်နဲ့တစ်ဘက် ရန်သူလို ဆက်ဆံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အိန္ဒိယအပိုင် ကက်ရှမီးယားဒေသရှိ နိုင်ငံရေးအရသဘောထားကွဲသူ ပါကစ္စတန်တွေကို အိန္ဒိယအစိုးရက အင်အားသုံးဖြိုခွင်းပြီးတဲ့နောက် နှစ်ဘက်အခြေအနေ ပိုတင်းမာလာကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up