သမ္မတ၏ မူးယစ်ဆေးတိုက်ဖျက်ရေးကြောင့် သေဆုံးသူများအတွက် ဖိလစ်ပိုင်တွင် ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ  တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တဦးအပါအ၀င် သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းကြောင့် သေဆုံးခဲ့သူတွေ အတွက် လူ ၁၀၀ လောက်စုပေါင်းပြီး ဇန်န၀ါရီ ၂၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ရဲတွေဘက်က အာဏာ အလွန်အကျွံသုံးမှုရှိမရှိ အထက်လွှတ်တော်က ဇန်န၀ါရီ ၂၆ ရက်ကစလို့ စစ်ဆေးမေးမြန်းနေတဲ့အတွက် လူ့အခွင့်အရေး အဖွဲ့တွေက အရှိန်မြင့်ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲစီစဉ်သူတဦးက “ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တာဟာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့တခုလုံးနဲ့ သမ္မတဒူတာတေး ရဲ့ လုပ်ရပ်ကို ထင်ထင်ရှားရှား ပြသလိုက်ပါတယ်။ “အသတ်ခံရသူအတွက် တောင်းပန်ဖို့နဲ့ တရားမျတအောင် လုပ်ပေးဖို့ကလွဲပြီး သူတို့မှာ တခြားလုပ်စရာမရှိပါဘူး။ ဒါက လူတယောက်ကိစ္စပဲ ရှိပါသေးတယ်။ သူ့လိုမချမ်းသာတဲ့ အခြားသူတွေ အသတ်ခံရတဲ့ကိစ္စကရော၊ လူအသိုင်းအ၀ိုင်းထဲကနေ စွဲထုတ်ပြီး အသတ်ခံနေရတဲ့ ရိုးရိုး သာမန်လူတွေအတွက်ကရော ဘယ်လို လုပ်မှာလဲ။ သူတို့အတွက် ဘယ်သူတွေက တောင်းဆိုမှာလဲ၊ ဘယ်သူတွေက တရားမျှတအောင်လုပ်ပေးမှလဲ”လို့ မေးခွန်းထုတ်သွား ပါတယ်။ တောင်ကိုရီးယား စီးပွားရေုးလုပ်ငန်းရှင်တဦးဟာ ပြီးခဲ့တဲ့နှစ်က မနီလာမြို့မြောက်ဘက် ကီလိုမီတာ ၈၀ အကွာလောက်မှာရှိတဲ့ ပမ်ပန်ဂါမြို့ကနေ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် ရဲဌာနချုပ်ရုံးအတွင်းမှာပဲ အသတ်ခံခဲ့ရကြောင်း ဖိလစ်ပိုင်အစိုးရ တရားရေးဝန်ကြီးဌာနက အစီအရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ဒီိကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတဒူတာတေးက တောင်ကိုရီးယားအစိုးရကို တရားဝင်တောင်းပန်ခဲ့ပြီး အပြစ်ရှိသူရဲ့ ဦးခေါင်းကိုဖြတ်ပြီး ကိုရီုးယားအစိုရထံ ပို့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးစီမံကိန်းအတွင်း ရဲတွေရဲ့ အာဏာအလွန်အကျွံသုံးမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်တက်နေတယ်လို့ ဝေဖန်ကြောင်း မနီလာကပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up