မိခင်ဝမ်းဗိုက်အတွင်းမှ လက်ပြနေသည့် ကလေးငယ်ရုပ်သံ ထွက်ပေါ်

၁၆ ပတ် အသက်အရွယ်ရှိတဲ့ မမွေးဖွားသေးတဲ့ မိခင်ဝမ်းဗိုက်ထဲက ကလေးက မိဘတွေကို လက်ပြနေတာနဲ့ ပိ့က်ကဘူး (Peek-a-boo) လို့ခေါ်တဲ့ တူတူပုန်းတိုင်းကစားနည်းတစ်မျိုး ကစားနေတာတွေကို ပြသတဲ့ သဘာဝလွန်ဖြစ်ရပ် ရုပ်သံဗွီဒီယို ထွက်ပေါ်လာတယ်လို့ မေရာရဲ့သတင်းမှာ ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ကလေးက သူမရဲ့ဘယ်ဘက်လက်ကိုမြောက်ပြီး လှုပ်ရှားပြနေတဲ့ပုံကို အံ့သြဖွယ်ရာ ရှင်းရှင်းလင်းလင်း ၄-ဒီအိတ်စ်ရေးမှာ မြင်နေရတာပါ။ ဇူလိုင်လ ၉ ရက်နေ့မှာ မွေးဖွားမယ့်ကလေးက သူမရဲ့လက်နှစ်ဖက်ကို မျက်လုံးပေါ်အုပ်ပြီး မျက်လုံးပေါ်ကနေ လက်တွေဖယ်တဲ့ ပိ့က်ကဘူး (Peek-a-boo) ကစားနည်းမျိုး လုပ်ပြနေတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ စကော့တလန်နိုင်ငံ ဂလက်စ်ဂိုမြို့၊ ဘေလီစတန်ဆင်ခြေဖုံးမှာနေတဲ့ ကလေးရဲ့ ဝမ်းသာပျော်ရွှင်နေတဲ့ မိဘတွေက ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ်က အိတ်စ်ရေးရိုက်ထားတာကို တွေ့ပြီး အရမ်းအံ့သြနေကြတာပါ။ “ကိစ္စတစ်ခုလုံးကတော့ အံ့သြစရာပဲ၊ ရုပ်သံထဲမှာ သူမက မျက်လုံးတွေပေါ် လက်တွေနဲ့အုပ်လိုက်၊ လက်တွေကို ပြန်ဖယ်လိုက်နဲ့ တစ်လျှောက်လုံး ပိ့က်ကဘူး ကစားနေတယ်လေ” လို့ မိခင်ဖြစ်တဲ့ မစ်စစ်စ်ဒရီ ၃၀ နှစ်က ပြောပါတယ်။ “ဒါက ကျမရဲ့ တတိယကလေးပါ။ ကျမရဲ့ ပထမနဲ့ဒုတိယကလေးတုန်းက ဒါမျိုး မကြုံဖူးဘူး။ ၈ နှစ်အရွယ် သားကြီးလေးကို အိတ်စ်ရေးရိုက်တုန်းက ခေါ်လာတော့ သူက ညီမလေးကို အရမ်းချစ်နေတယ်လေ၊ အမေရဲ့ ညီမနဲ့ခင်ပွန်းလည်း ပါလာတော့ မိသားစုဝင်တွေ ရှိနေတုန်း အားလုံး ဒီလိုတွေ့လိုက်ရတာက တကယ့်ကို အထူးတည်ဖြစ်ရပ်ပါပဲ” လို့ မိခင်က ဆိုပါတယ်။ သူမမှာ သား ၂ ဦးရှိပြီးဖြစ်လို့ အခုတခါ မိန်းကလေး ရရှိမှာဖြစ်တာကြောင့် အရာရာ ပြည့်စုံသွားပြီလို့ ဆိုပါတယ်။ “အိတ်စ်ရေးရိုက်တဲ့အချိန်မှာ ကလေးက ဦးဆုံး လက်ဝှေ့ထိုးမဲ့ပုံစံနဲ့ လက်သီးတွေကို ဆုပ်လိုက်တယ်၊ ပြီးတော့ ပိ့က်ကဘူးကစားတယ် နောက်တော့ လက်တွေကို ဝှေ့ရမ်းပြတယ်၊ အဲ့ဒါက ကျမအမြဲတမ်းအတွက် တန်ဖိုးထားရမဲ့ အရာပဲ သမီးလေးကြီးလာရင်လည်း ကျမတို့ ဒီရုပ်သံကို ပြန်ကြည့်ပြီး အဲ့ဒီထဲက ကလေးလေးက သမီးလေးလို့ ပြောမယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up