မြန်မာဖူဆယ်အသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်၊ ထိုင်းနှင့်ယှဉ်ပြိုင်ရမည်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာနဲ့ထိုင်းအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက အရှေ့တီမောအသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ပွဲစဉ်တလျှောက်လုံး အသားစီးနဲ့ကစားပြီး ၈ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အိမ်ရှင်ထိုင်းအသင်းက မလေးရှား နဲ့ တွေ့ဆုံခဲ့ပြီး နောက်ကျဂိုးတွေနဲ့အတူ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာဖူဆယ်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မူအနေနဲ့ စတင်ဝင်ပြိုင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပြိုင်ပွဲမှာ တတိယပဲ ရခဲ့ဖူးတာဖြစ်ပါတယ်။ မြန်မာဖူဆယ်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာလည်း လာအိုကို ၆ ဂိုး ၁ ဂိုး၊ အင်ဒိုနီးရှားကို ၆ ဂိုး ၃ ဂိုး၊ မလေးရှားကို ၅ ဂိုး ၃ ဂိုး ရလဒ်တွေနဲ့ ပွဲတိုင်းအနိုင်ရခဲ့ပါတယ်။ ထိုင်းအသင်းကတော့ အရှေ့တီမောကို ၁၁ ဂိုး ၂ ဂိုး၊ ဘရှုနိုင်းကို ၁၇ ဂိုး ၂ ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။ မြန်မာနဲ့ ထိုင်းအသင်းတို့ရဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာ့အသံက တိုက်ရိုက်ပြသ သွားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင်မှာ တတိယလုပွဲအဖြစ် မလေးရှားနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up