ပါကစ္စတန်တွင် ရူပီး သန်းချီတန်ဖိုးရှိသည့် တရားမဝင်အရက်နှင့် မူးယစ်ဆေးဝါးများ ဖျက်ဆီး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ အာဏာပိုင်တွေက ရူပီးငွေ သန်းချီတန်ဖိုးရှိတဲ့ တရားမဝင် တင်သွင်းလာတဲ့ အရက်နဲ့ မူးယစ်ဆေး အမြောက်အမြားကို ဇန်နဝါရီ ၂၆ ရက်နေ့က ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့လည်း ဖြစ်ပါတယ်။ ဒီကုန်စည်တွေကို ပါကစ္စတန် အကောက်ခွန် အာဏာပိုင်တွေက နိုင်ငံတလွှား စီးနင်းမှုတွေအတွင်း သိမ်းဆည်းခဲ့တာပါ။ ကရာချိမြို့စွန်က ဖျက်ဆီးပွဲအတွင်း သိမ်းဆည်းခံ ဘိန်းဖြူမှုန့်တွေကို မီးရှို့ပြီး မှောင်ခိုသွင်းလာတဲ့ ထောင်နဲ့ချီတဲ့ အရက်ပုလင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။ ကရာချိမြို့ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ပါ။ ဒီပွဲကို နိုင်ငံပေါင်းစုံက မူးယစ်အရာရှိတွေ၊ အကောက်ခွန်အရာရှိတွေ အမြောက်အမြား တက်ရောက်ပြီး မဟာမိတ် အဖွဲ့အစည်းတွေက အရာရှိတွေလည်း ဖျက်ဆီးမှုကို သက်သေပြုခဲ့ပါတယ်။ ဖျက်ဆီးခံပစ္စည်းတွေဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်းဖိုးထိ ရှိတယ်လို့ အကောက်ခွန်ဌာန အကြီးအကဲ မိုဟာမဒ် ဇာဟစ် ခိုခါက ပြောပါတယ်။ အရက်ပုလင်း ၈ သောင်းခွဲ၊ ဘိန်းဖြူမှုန့် ၅ ကီလိုနဲ့ ဆေးခြောက် ကီလို ၉ သောင်းခွဲကျော် အပါအဝင် တရားမဝင်ကုန်စည် အမယ်မျိုးစုံကို ဖျက်ဆီးခဲ့ပြီးပြီလို့ တရားဝင် ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ နိုင်ငံတကာ အကောက်ခွန်နေ့ကို ဇန်နဝါရီ ၂၆ ရက်မှာ ကမ္ဘာတလွှား ကျင်းပလေ့ရှိပါတယ်။ တရားမဝင် တင်သွင်းကုန်တွေ မှောင်ခိုကုန်စည်တွေကို စည်းကြပ်ဖို့ ကမ္ဘာ့ အကောက်ခွန် အဖွဲ့အစည်း WCO က ၁၉၅၂ ခုနှစ်မှာ စတင် အသက်သွင်းခဲ့တာပါ။ အဖွဲ့ဝင် ၁၇၈ နိုင်ငံက ဒီအထိမ်းအမှတ်နေ့ကို တနိုင်ငံလုံးအဆင့်နဲ့ နှစ်စဉ် ကျင်းပပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံကနေ စီးဝင်တဲ့ မူးယစ်ဆေးတွေအတွက် အကြီးစား ကြားစခန်း နိုင်ငံ ဖြစ်နေတာပါ။ အာဖဂန်ကတော့ ကမ္ဘာ့အကြီးဆုံး ဘိန်းနဲ့ ဆေးခြောက်ထုတ်လုပ်ရာနိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up