ဂျူဗင်တပ် နောက်ခံလူ အီဗရာ ပြင်သစ်ကလပ်သို့ ပြောင်းရွှေ့

ဂျူဗင်တပ်အသင်း နောက်တန်းကစားသမား အီဗရာဟာ ပြင်သစ်ကလပ် မာဆေးလ်အသင်းဆီ ၁၈ လသက်တမ်း စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၅ နှစ်ရှိ မန်ယူကစားသမားဟောင်း အီဗရာဟာ ၂၀၁၄ ခုနှစ်က မန်ယူအသင်းကနေ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းမှာ ၃ ရာသီအတွင်း ၈၂ ပွဲ ကစားခဲ့ပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။ အီဗရာဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဖြစ်ပြီး အသင်းမှာရှိနေတဲ့အချိန်တွေမှာ အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် အခုလို အသင်းပြောင်းရွှေ့ခွင့် ပေးလိုက်ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပြောပါတယ်။ အီဗရာဟာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ရရှိခဲ့သလို ဂျူဗင်တပ်အသင်းနဲ့လည်း စီးရီးအေချန်ပီယံ ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ မာဆေးလ်ကွင်းလယ်ကစားသမား ကာဘယ်လာကတော့ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ အီဗရာအနေနဲ့ ပြင်သစ်မြေကို ပြန်လည်ပြောင်းရွှေ့ကစားတဲ့အပေါ် ကြိုဆိုလိုက်ပြီး ကစားသမားကောင်းတဦးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up